ဗြိတိသျှသာ မြန်မာနိုင်ငံကို မသိမ်းခဲ့လျှင် ………

အချို့က မြန်မာနိုင်ငံသည် နိုင်ငံရေးအရ သမ္မတနိုင်ငံသို့ မုချ ပြောင်းလဲခဲ့ရမည်ဟူ၍ လည်ကောင်း၊ စီးပွားရေးအရ အရင်းရှင်စနစ်ထွန်းကား နေခဲ့၍ စက်မှုနိုင်ငံအဖြစ်သို့ ပြောင်းလဲနေခဲ့ရမည်ဟူ၍ လည်းကောင်း ထင်မြင်ခဲ့ကြသည်။ ဆရာမောင်စူးစမ်းသည် အရင်းရှင်စနစ်ထွန်းကား လာနိုင်သည်ကို လက်ခံသော်လည်း ထိုအရင်းရှင်စနစ်သည် ဥရောပအရင်းရှင် စနစ်နှင့် မတူနိုင်ဟု ယူဆ၏။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အရင်းရှင်စနစ် ဖွံ့ဖြိုးထွန်းကားနေလျက် သက်ဦးဆံပိုင် ဧကရာဇ်စနစ်သည်ပင် ထွန်းကားနေခဲ့ရပေမည်ဟု ယူဆသောကြောင့်ဖြစ်သည်။

ဆရာမောင်စူးစမ်းသည် ကုန်းဘောင်ခေတ်၏ လယ်ယာစိုက်ပျိုးရေးစနစ်ကို ဥပမာယူပြ၏။ ကုန်းဘောင်ခေတ်၏ လယ်ယာစိုက်ပျိုးရေးစနစ် ရှင်ဘုရင်က မြေယာအားလုံးကို ပိုင်ဆိုင်သောစနစ်ဖြစ်သည်။ မြို့စား၊ ရွာစားများကို အဆင့်ဆင့် ကံကြွေးချလျက် စစ်တပ်ကို မြေယာချထားပေးသည်။ တိုင်းသူပြည်သားတို့သည် စစ်မှုထမ်းဖြစ်စေ၊ မင်းမှုထမ်းဖြစ်စေ ဘုရင့်မြေကို လုပ်ပိုင်ခွင့်ရှိသည်။ ထို့ပြင် သီးနှံထွက် ဆယ်ပုံတစ်ပုံ(ဝါ) ဆယ်ခိုင်တစ်ခိုင်ကို အခွန်ဘဏာတော်အဖြစ် ဆက်သရသည်။

စက်မှုလုပ်ငန်းဘက်တွင် တွင်းစားများကို ရေနံတွင်းများ တူးဖော်လုပ်ကိုင် စေလျက် ထွက်သောရေနံကို ဘုရင်ကသာ ဝယ်ယူသည်။ သင်္ဘောကျင်း လုပ်ငန်းသည် ဘုရင့်အားပေးမှုဖြင့် ဗြိတိသျှတို့ အောက်မြန်မာပြည် စတင်သိမ်းပြီးသည်အထိ ထွန်းကားခဲ့၏။ တစ်နိုင်ငံလုံးခြုံ၍ ကျယ်ပြန့် ခြင်းမရှိသည့်တိုင် ကူးသန်းရောင်းဝယ်မှုနှင့် စာသော် ဒင်္ဂါးသွန်းလုပ်သုံးစွဲခြင်းမှာ ဖွံ့ဖြိုးခဲ့သည်။ ဖလ်ချက်စက်ရုံ၊ သေနတ်စက်ရုံ၊ သစ်တောလုပ်ငန်း၊ သတ္ထုလုပ်ငန်း၊ စသည်တို့ကို ဘုရင်က ဦးစီးဦးကိုင်ပြုလျက် ဖွံ့ဖြိုးစေခဲ့သည်။ အတိုချုံးဆိုလျှင် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းတို့တွင် ဘုရင်၏ လက်ဝါးကြီးအုပ်မှုဖြင့် စတင်ထွန်းကားရန် အရှိန်ယူလျက် ရှိသည်။ သို့သော် ကုန်းဘောင်ခေတ်တွင် ဘုရင်လက်ဝါးကြီးအုပ်ထားသော ကူးသန်းရောင်းဝယ်မှုနှင့် ဒွန်တွဲယှဉ်လျက် ပုဂ္ဂလိက လက်မှုလုပ်ငန်းများလဲ ထွန်းကားသေးသည် ဟု စာရေးသူက ဆိုပါသည်။ အထူးသဖြင့် ရက်ကန်းများသည် ပုဂ္ဂလိက လုပ်ငန်းများဖြစ်ကြသည်။

ဘုရင်လက်ဝါးကြီးအုပ်စနစ် ထွန်းကားစေသောအကြောင်းချင်းရာသည် ထိုစဉ်က ဘုရင်တို့လိုက်နာကျင့်သုံးသော ကုန်သည်ဝါဒ ကြောင့်ဟု ဆရာမောင်စူးစမ်းက ဆိုပါသည်။ ကုန်သည်ဝါဒ၏ သဘောမှာ ရွှေသာ ဓနဖြစ်လေရာ ရွှေများနိုင်ငံခြားသို့ထွက်သွားမည်ကို အလွန်စိုးရိမ်သည်။ ယခုခေတ်သစ် ဘောဂဗေဒအမြင်နှင့် ပြောရလျှင် ထိုကုန်သည်ဝါဒသည် အခြားနိုင်ငံများနှင့် စီးပွားရေးအရ ဆက်ဆံမှု နည်းနိုင်သမျှ နည်းပါးစေလေသည်။ နိုင်ငံခြားပစ္စည်းများ အဝယ်နည်းပါးသည်တွင် ပြည်တွင်း၌ ကုန်ထုတ်လုပ်ငန်းများ ထူထောင်နိုင်မှ ဖြစ်တော့မည်။ ဤျတွင် စီးပွားရေးအရရော နိုင်ငံရေးအရပါ အင်အားကြီးသည့် ဘုရင်က ရှေ့ဆောင်ရှေ့ရွက်ပြုလျက် မတည်ထူထောင်ရန် အခြေအနေ ဖြစ်ပေါ်လာလေသည်။

အချို့ ရာဇဝင်ဆရာတို့က ဤသို့သော ဘုရင်လက်ဝါးကြီးအုပ်စီးပွားရေး စနစ်ကို ထောက်ပြလျက် မြန်မာနိုင်ငံသည် ရာဇဝင် အခြေအမြစ်ကပင်လျှင် ဆိုရှယ်လစ် သဘောတရား ကိန်းဝပ်သည်ဟု ကောက်ချက်ဆွဲ ဖော်ပြ၏။ ဤ အချက်မှားယွင်းသည်ဟု ဆရာမောင်စူးစမ်က ထောက်ပြပြန်၏။ အင်္ဂလန်နှင့် ပြင်သစ်တို့တွင် အရင်းရှင်စနစ်သည် မင်းက စီးပွားရေးနယ်ထဲ လက်ဝါးကြီးအုပ်မှုကို ဆန့်ကျင်ရာမှ ဖွံ့ဖြိုးခြင်းဖြစ်သည်။ ပရပ်ရှားနှင့် ဂျပန်တို့တွင် အရင်းရှင်စနစ်မှာ ဘုရင်ဧကရာဇ်က ဦးစီးဦးဆောင်၍ ဖြစ်စေ၊ ဘုရင်ဧကရာဇ်က ကုန်သည်ကြီးတို့နှင့် မဟာမိတ်ဖွဲ့၍ ဖြစ်စေ အရင်းရှင်စနစ်ကို ဖွံ့ဖြိုးထွန်းကား စေခြင်းဖြစ်သည်။ ဆရာမောင်စူးစမ်း၏ ယူဆချက်မှာ မြန်မာနိုင်ငံကိုသာ ဗြိတိသျှတို့ မသိမ်းခဲ့လျှင် မြန်မာနိုင်ငံတွင် ဂျပန်ဧကရာဇ် ဦးစီးဦးဆောင်ပြုသော အရင်းရှင်စနစ်တစ်ရပ် ဖွံ့ဖြိုးနိုင်၏ ဟူ၍ ဖြစ်သည်။

ထို့ပြင် အချို့က မြန်မာနိုင်ငံကိုသာ ဗြိတိသျှတို့ မသိမ်းခဲ့လျှင် လွပ်လပ်သော သမ္မတနိုင်ငံဖြစ်လာလိမ့်မည် ဟုယူဆကြ၏။ ဆရာမောင်စူးစမ်းကမူ ဘုရင် ဧကရာဇ်စနစ်ပင် ဆက်လက်တည်မြဲနေမည်ဟု ယူဆ၏။ သမ္မတနိုင်ငံဖြစ်လာ နိုင်သလော (သို့မဟုတ်) ဘုရင်ဧကရာဇ် အမည်ခံသာရှိသော ပါလီမန် ဒီမိုကရေစီနိုင်ငံဖြစ်လာနိုင်သလော ဟူသော ပြဿနာမှာ တိုင်းပြည်၏ စီးပွားရေးအင်အားအသီးသီးပေါ် မူတည်လေသည်။ လွပ်လပ်သော ကုန်ထုတ် လုပ်သူများက စီးပွားရေးအရရော နိုင်ငံရေးအရပါ အင်းအားကြီးခဲ့လျှင်မူ ပြင်သစ် တော်လှန်ရေး ကဲ့သို့ဖြစ်စေ၊ ဗြိတိန် ရောင်းဝဲလ်တော်လှန်ရေးကဲ့သို့ဖြစ်စေ အခြေအနေရှိနိုင်ပြီး သမ္မတနိုင်ငံဖြစ်စေ ဘုရင်ဧကရာဇ် အမည်ခံသာရှိသော ပါလီမန်ဒီမိုကရေစီနိုင်ငံဖြစ်စေ ဖြစ်ထွန်းလာပေမည်။

သို့သော် ထိုခေတ်ထိုအခါက လွပ်လပ်သော ကုန်ထုတ်လုပ်သူများသည် အထက်ရှင်းလင်းခဲ့သလို စီးပွားရေးအရရော နိုင်ငံရေးအရပါ အင်းအားနည်းပါး ခဲ့၏။ ထိုအခြေအနေက ဘုရင်ဧကရာဇ်အား လူမှုရေးအင်းအားအသီးသီးက တစုံတရာသော အတိုင်းအတာအထိ မျှော်လင့်အားထားကြမည်ဖြစ်သည်ဟု စာရေးသူကခန့်မှန်းပါသည်။ သို့ဖြစ်၍ ဗြိတိသျှတို့သာ မြန်မာနိုင်ငံကို မသိမ်းပိုက်ခဲ့လျှင် ဘုရင်ဧကရာဇ်စနစ်သည်သာ ဆက်လက်စိုးမိုးနေပေလိမ့်မည်။

———————————————————————

ဆရာမောင်စူးစမ်း၏ ၊ ယောမင်းကြီး၏ စီးပွားရေးအတွေးအခေါ် နှင့် ဘောဂဗေဒလက်ရွေးစင် ၊ မှ ကောက်နှုတ်ဖော်ပြသည်။