“ငါစဉ်းစားနေတာက တို့လူငယ်တွေ ဆံပင်ရှည်တာကို လူကြီးတွေက ဘာဖြစ်လို့ မကြိုက်တာလဲ လို့ စဉ်းစားနေတာ”

“သောက်မြင်ကပ်လို့ ဖြစ်မှာပေါ့ကွာ”

“ဒီလိုလဲ မဟုတ်သေးပါဘူးကွာ”

ဇော်ခင်မော်သည် ဂစ်တာကို ဘေးမှာ အသာချထားလိုက်သည်။ ဒီ ဆံပင်ရှည် ပြဿနာကို သူလည်း စိတ်ဝင်စားသည်။ လှဝင်းဦးသည် နေရာ ပြင်ထိုင်လိုက်သည်။ သူလည်း စိတ်ဝင်စားသည်။ တကယ်တော့ ဆံပင်ရှည် ပြဿာနာသည် လူငယ်တိုင်းစိတ်ဝင်စားသော ပြဿနာတစ်ခု မဟုတ်လား။ ကျော်စွာက စ၍မေးသည်။

“လူငယ်တွေ ဆံပင်ရှည်ထားတာ အပြစ်ရှိသလား။”

“မရှိဘူး”

အားလုံးက သံပြိုင်ဖြေကြသည်။

“ဒါပေမယ့် လူကြီးတချို့ကတော့ တကယ့်ပြစ်မှုကြီး ကျူးလွန်နေသလိုပဲ သဘောထားကြတယ်။”

“တို့လူငယ်တွေ ဆံပင်ရှည်တာ တိုင်းပြည်ကို ဘာများထိခိုက်သွားလို့လဲကွာ”

“အေးလေ၊ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ လူငယ်တွေ ဆံပင်ရှည်တာ ဘာဆိုင်လို့လဲ”

“တူရကီမှာ ငလျင်လှုပ်တာနဲ့ ဆီဈေးတက်တာနဲ့က ဘာမှမဆိုင်သလိုပေါ့ကွာ”

“ဆံပင်ရှည်ထား ကျန်းမာရေးထိခိုက်တယ်လို့ ပြောတယ်ကွ”

“အံမယ်.. ဆံပင်တိုတော့ကော ကျန်းမာလို့လားကွ။ အာဟာရပြည့်ဝမှ ဆေးဝါးပြည့်စုံမှ ကျန်းမာမှာပါ”

“စာရေးဆရာကြီးတစ်ယောက်က ရေးတယ်ကွ၊ ဆံပင်ရှည်ထားတာ နိုင်ငံခြားယဉ်ကျေးမှုကို အတုခိုးတာတဲ့”

“ဟုတ်လား၊ အဲဒီဆရာကြီးက သျှောင်ထုံးကြီးနဲ့လား”

“အခု မြန်မာပြည်မှာ ထားနေကြတဲ့ ဆံပင်ပုံစံတွေ အားလုံးဟာ နိုင်ငံခြားက ပုံစံတွေချည်းပဲ။ ခေါ်တာတောင် ကြည့်လေ၊ “ဘိုကေ” တဲ့။”

“တကယ့်တကယ် ပြောကြစတမ်းဆိုရင် ဆံပင်ရှည်တဲ့လူက ဆံပင်တိုတဲ့လူထက် မြန်မာပို ပီသတယ်”

“ဟ.. ရှင်းစမ်းပါဦး”

“ဒီလိုလေ၊ ရှေးတုန်းက မြန်မာတွေရဲ့ ဆံပင်ဟာ သျှောင်ထုံးလို့ ရတဲ့အထိ ရှည်တယ်။ နောက်တော့ အင်္ဂလိပ်လူမျိုးတွေကို တုပြီး ဆံပင်အတိုညှပ်ကြတယ်။ ခုပြန်ရှည်လာတာ ရှေးတုန်းက မြန်မာတွေနဲ့ ပြန်တူလာတာပဲကွ၊ ကပ်သပ်ပြောကြစတမ်းဆိုရင် ပြောတာပါ”

“ဆံပင်ရှည်တာဟာ ဘာမှ အကျိုးမရှိဘူးလို့ ပြောကြသေးတယ်”

“ဒါဆိုရင် ပြန်မေးလိုက်ရုံ ရှိတာပဲ။ ဘီယာသောက်တာ ဘာအကျိုးရှိလဲလို့။ လောကကြီးမှာ အဓိပ္ပါယ် မယ်မယ်ရရ မရှိဘဲနဲ့ လူတွေလုပ်နေကြတဲ့ အလုပ်တွေ အများကြီးပါကွာ၊ ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင် ပြီးတာပဲ”

အသက်လေးဆယ်ခန့် လူကြီးတစ်ဦးသည် ဒယီးဒယိုင် လျှောက်လာသည်။ သူ အရက်မူးလာဟန် တူသည်။

“ဟေ့ကောင်တွေ၊ ဘယ်သူမှ မကြောက်လို့ အရက်သောက်တာကွ”

ထိုလူကြီး ပြန်သွားမှ စကား ပြန်စဖြစ်ကြသည်။

“တကယ်တော့ သရုပ်ပျက်တယ် မပျက်ဘူး၊ ယဉ်ကျေးတယ် မယဉ်ကျေးဘူးဆိုတာ ဆံပင်နဲ့လဲ မဆိုင်ဘူး၊ အဝတ်အစားနဲ့လဲ မဆိုင်ဘူး စိတ်ဓါတ်နဲ့ ပဲဆိုင်တယ်။ မြန်မာလူမျိုးမှာ ရှိသင့်တဲ့ စိတ်ဓာတ် ရှိမယ်ဆိုရင် ဆံပင်တိုတိုရှည်ရှည် သရုပ်မှန်တယ်လို့ ဆိုရမှာပဲ”

“ငါတစ်ခုပြောမယ်၊ တို့လူငယ်တွေဟာ ဆံပင်ရှည်ပေမယ့် လူကြီးသူမတွေ ရှေ့ကဖြတ်သွားရင် ခေါင်းငြုံ့့ပီး သွားကြတာပဲ။ လူငယ်တွေ ဘောင်းဘီးရှည် ဝတ်ကြပေမယ့် ဘတ်စကားပေါ်မှာ သက်ကြီးရွယ်အိုတွေ တက်လာရင် နေရာဖယ်ပေးကြတာပဲ။ ဒါ မြန်မာ့ရိုးရာစိတ်ဓါတ်ပဲ။ ပြီးတော့ မဟာဗန္ဓုလဟာ ခါးတောင်းကျိုက်ပြီး နယ်ချဲ့ကို တော်လှန်တယ်။ ခုခေတ် မြန်မာ့တပ်မတော်ဟာ ဘောင်းဘီဝတ်ပြီး ကျူးကျော်သူကို တော်လှန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျူးကျော်စော်ကားသူကို တွန်းလှန်တာဟာ မြန်မာ့စိတ်ဓာတ်ပဲကွ။ မြန်မာမှာ မြန်မာစိတ်ဓာတ်ရှိဖို့သာ ပဓာနပဲ။ ဝတ်စားဆင်ယင်မှုက သာမညပဲ”

“စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာတစ်ယောက်က ပြောဖူးတယ်ကွ၊ ဝတ်စားဆင်ယင်မှုဟာ ယဉ်ကျေးမှုနဲ့ မသက်ဆိုင်ဘူးတဲ့။ လူနေမှုအဆောက်အအုံနဲ့သာ သက်ဆိုင်တယ်တဲ့။ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံနဲ့ ပတ်သက်တဲ့ အပြုအမူတွေသာ ယဉ်ကျေးမှုနဲ့ သက်ဆိုင်တယ်တဲ့။ ဝတ်စားဆင်ယင်မှုဟာ ခေတ်ကိုလိုက်ပြီး အမျိုးမျိုးပြောင်းလဲ နေမှာပဲတဲ့။ လူနေမှုအဆောက်အအုံဟာလည်း ပြောင်းလဲနေမှာပဲတဲ့။ ဒါပေမယ့် ယဉ်ကျေးမှု မပြောင်းလဲဖို့ကတော့ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေကို မပယ်ဖျက်ဖို့ပဲ တဲ့ကွ” …


၂၈၊ ၂၊ ၇၇ လို့ နေ့စွဲတပ်ထားတဲ့ ဆရာ “မင်းလူ” ရဲ့ “ပန်းကျောင်း” ဝတ္ထုထဲက ကူးယူတင်ပြပါတယ်။ လူကြီး၊ လူငယ်ကြား ပြဿနာကို ၁၀တန်းကျောင်းသား ၅ ယောက်လောက်က မကျေမနပ်နဲ့ ပြဇာတ်ဆန်ဆန် အချိတ်အဆက်တွေနဲ့ ဆွေးနွေးသွားတာ တွေ့ရပါတယ်။ ဆရာမင်းလူရဲ့ အရေးအသားကို တစ်လုံးတစ်ပါဒမျှ မပြင်ပဲ တင်ပြတာပါ။ ကျေးဇူးတင်ပါတယ်။