သရဲ မြင်ဘူးလားလို့ မေးရင်းတော့ Yes and No ပါပဲ။ ဘာလို့ဆို ကိုယ်မြင်လိုက်တာက လူတစ်ယောက်လဲ ဖြစ်နိုင်သလို သရဲတစ်ကောင်လည်း ဖြစ်နိုင်လို့ပါ။

ဖြစ်ခဲ့တာက ချောင်းသာမှာပါ။ မီးပုံပွဲလုပ်မယ်ဆိုပြီး ပြင်ဆင်နေကြချိန်။ ကမ်းခြေဘက်ကို ဘာရယ် မဟုတ်ကြည့်လိုက်တော့ ယောကျာ်းတစ်ယောက် ရေစပ်နားကနေ ခပ်သုတ်သုတ်လျှောက်နေတယ်။ (အချိန်တော့ အတိအကျ မမှတ်မိတော့ပါဘူး။) ဒါပေမယ့် ကမ်းခြေမှာ ည ၁၀ နာရီဆိုရင်တောင် တော်တော်မှောင်နေပါပြီ။ ဟိုတယ်တွေကြားထဲက လျှောက်လို့ရရဲ့သားနဲ့ သူဘာလို့ ဟိုးရေစပ်ကနေ လျှောက်နေရတာလဲ။

နောက်ပြီး သူလျှောက်သွားတဲ့ နှုန်းက တော်တော်ကြီးကို မြန်ပါတယ်။ လမ်းလျှောက်တယ်လို့သာ ပြောရတာ သူ့ခြေထောက်ကို ကျွန်တော်မမြင်ရပါဘူး။ ပေါက်တက်ကရ မပြောချင်ပါဘူး။ ဝေးနေလို့၊ မီးမှိန်လို့ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် သူက လမ်းလျှောက်နေတယ်ဆိုတာထက် လေထဲမှာ မျောသွားသလိုကြီးပါ။ ကျွန်တော် ကြည့်နေရင်းနဲ့ တစ်ခုတွေးမိတယ်။ “ငါတစ်ယောက်ထဲပဲ မြင်နေရတာလား” လို့။ ဒါနဲ့ ကိုယ့် Group က လူတွေကို ကြည့်လိုက်တော့ အစ်ကိုကြီးတစ်ယောက်က ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြတယ်။ (ကျန်တဲ့လူတွေကတော့ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေကြတယ်။) သူ့ကို မေးကြည့်တော့ သူလဲတွေ့ကြောင်း၊ ကျွန်တော် စဉ်းစားသလိုပဲ စဉ်းစားနေကြောင်း ပြောပြပါတယ်။ ကျန်တဲ့သူတွေကို ပြောပြတော့ စတဲ့လူကလည်း စ၊ ထင်ရာမြင်ရာတွေ ပြောကြနဲ့ပဲ…

ကျွန်တော်ဘဝမှာ တစ်ကြိမ်တည်းသော… (စိတ်ထဲ ထူးထူးဆန်းဆန်း ခံစားလိုက်ရတဲ့) အတွေ့အကြုံပါ။ မေ့လဲမမေ့နိုင်လောက်ပါဘူး။