ငယ်ငယ်တုန်းက သူငယ်ချင်းတွေ ကျောင်းပိတ်ခါနီးဆို စာတိုပေစ* (ကာလခေါ် – Auto) ရေးခိုင်းခဲ့ကြပါတယ်။ ကျွန်တော်လဲ ၁၀တန်းပြီးခါနီးမှာ ကျူရှင်မှာ သူငယ်ချင်းတွေကို ရေးခိုင်းခဲ့ဖူးပါတယ်။ အဲ့ဒီ စာအုပ်လေးထဲမှာ သူငယ်ချင်း တော်တော်များများ ရေးပေးခဲ့ကြပြီး အခုအချိန်အထိ အဲ့ဒီစာအုပ်လေး ကျွန်တော်နဲ့ အတူရှိနေတုန်းပါ။ အဲ့ဒီထဲမှာ ကျွန်တော်သိပ်ခင်တဲ့ သူငယ်ချင်းမလေး ရေးပေးထားတာဟာ ဆန်းဆန်းလေးပါ။ ဖတ်ကြည့်ပါ။
—–
“သန့်ဇင်ဦး” (or) [သူကျွန်တော့်ကို ပေးထားတဲ့ နာမည်ရှိပါတယ်။ ထားလိုက်ပါတော့။]

“10” တန်းနှစ်မှ တွေ့ပြီး ငယ်ပေါင်းကြီးဖော်လို ခင်ရတဲ့ သူငယ်ချင်းအတွက်
– ရူပလက္ခဏာ များစွာ ဖောက်လှဲ မတည်မြဲခြင်းမှ ကင်းဝေးပါစေ။
– လောကီဥစ္စာ ရတနာကို များစွာ သိမ်းဆည်းနိုင်ပါစေ။
– ပုထုဇဉ်လူသားတွေရဲ့ မောဟထုကို အမြဲမှတ်သားနိုင်ပါစေ။
– လူမှုရေးရာ အဖြာဖြာ၌ လိမ္မာသိတတ်ပါစေ။
– “နောင်တ” ဟူသော စကားနှစ်လုံးကို ပျက်ရယ်ပြုနိုင်ပါစေ။
– “မိန်းမကောင်းတစ်ယောက်” ကို မှန်ကန်စွာ ရွေးချယ်နိုင်ပါစေ။

အကယ်၍ ခွဲခွာခဲ့ရင်
အမြဲတမ်း ပြုံးနေတဲ့ နင့်ရဲ့ သူငယ်ချင်း ငါ ဆက်လက် ပြုံးနေဆဲပါပဲလို့။

ကံမကုန်လျှင် ပြန်ဆုံရန်…
—–
ဆိုပြီး သူ့ဖုန်းနံပါတ်လေး ရေးပေးထားပါတယ်။ စာရေးဖို့ သူ့ကို စာအုပ်ပေးလိုက်ရတာ တစ်လလောက် ရှိပါတယ်။ မရေးရသေးလို့ ဆိုပြီး ယူထားပါတယ်။ ပြန်လည်းပေးရော မထင်ထားတဲ့ အဲ့ဒီစာလေးတွေ ဖတ်ရပါတယ်။

အမှတ်တယပါ။

*အဲ့လို အချင်းချင်း စာလေးတွေ အမှတ်တယ ရေးပေးတာကို ပေါတောတော အလုပ်လို့ ကျွန်တော် လုံးဝမထင်ပါ။ အဲ့တာလေးတွေက အနေဝေးသွားတဲ့အခါ၊ အသက်ကြီးလာတဲ့အခါ အရမ်းကို တန်ဖိုးကြီးပါတယ်။ တကယ်ပါ။