မနက်။ ငါ မျက်လုံးဖွင့်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်နေတယ်။ အေးစက်တဲ့ လေထုရဲ့ အထိအတွေ့ကို လျစ်လျူရှုပြီး အိပ်ရာထဲက ထလိုက်တယ်။ အိပ်ချင်မူးတူးနဲ့ မျက်နှာသစ်ဖို့ ရေဖွင့်လိုက်တယ်။ ရေကိုကိုင်ကြည့်လိုက်တာ မျက်လုံးကျယ်သွားတယ်။ အေးနေတာကိုး။ မတတ်နိုင်ဘူး။ မျက်နှာသစ်လိုက်တယ်။ ငါ လန်းသွားတယ်။ ဒါပေမယ့် ကောင်းကင်ကြီးကတော့ လင်းမသွားပါဘူး။ မှောင်နေဆဲပဲ။

တဆက်ထဲ ရေချိုးလိုက်တယ်။ ငါလမ်းပေါ်ရောက်တော့ ငါတို့မြို့လေး မနိုးသေးတာ သိလိုက်တယ်။ လမ်းပေါ်မှာ ငါတစ်ယောက်ထဲ။ ငါ တိုးတိုးတိတ်တိတ် လမ်းလျှောက်နေတယ်။ ဂီတသံတစ်ခု ဝင်လာတယ်။ မျိုးကျော့မြိုင်ရဲ့ မင်းမရှိတဲ့နေရာ။ မဆီမဆိုင် ငါဝမ်းနည်းသွားတယ်။ ငါစိတ်က အဲ့ဒီဂီတသံကို ရပ်ပစ်လိုက်တယ်။

ငါ ပေါ့ပေါ့ပါးပါး လမ်းဆက်လျှောက်လာတယ်။ လေပြေအေးစက်စက်က ငါ့ကိုယ်ကို ဖြတ်တိုက်သွားသလားလို့ ထင်ရတယ်။ ငါရဲ့ မသိစိတ်ကတောင် ငါ့ကို ပြောတယ်။ ချမ်းတယ်တဲ့။

ငါ စမ်းချောင်းလေးနဲ့ အပြိုင်ရှိနေတဲ့ မြေနီလမ်းလေးအတိုင်း ခပ်သွက်သွက် ဆက်လျှောက်လာတယ်။ စမ်းချောင်းလေးက ငါ့ထက် မြန်မြန် လျှောက်နေတယ်။ ငါ သူဘယ်သွားနေလဲ မမေးတော့ဘူး။ ငါ သူ့ရဲ့ လားရာကို မြင်နေရတယ်လေ။ နောက်ပြီး ငါသိသေးတယ်။ သူလည်း အေးစက်နေတယ်။

ငါ ရပ်သွားပြီလို့ ထင်တဲ့ ဂီတသံ ပြန်ဝင်လာတယ်။ ငါ စိတ်ပြောင်းသွားတယ်။ မြေနီလမ်းလေးအတိုင်း မသွားတော့ပဲ သစ်တစ်ပင်တည်း ထီးထီးရှိနေတဲ့ တောင်ကုန်းလေးပေါ်တက်ခဲ့တယ်။ ကောင်းကင်ကြီး လင်းစပြုလာတယ်။ မှောင်နေဆဲဆိုရင် ငါ ဒီပေါ်တက်လာစရာမှ အကြောင်းမရှိတာ။

သစ်ပင်ကြီးအောက် ငါထိုင်လိုက်တယ်။ ငါ သောကကင်းမဲ့စွာနဲ့ စိတ်တွေ ပေါ့နေတယ်။ အဲ့တာကိုပဲ ငါ အနေရခက်လာတယ်။ ကိုယ့်ကိုယ်ကို ဒေါသထွက်လာတယ်။ ငါ တောင်ကုန်းပေါ်က ပြေးဆင်းလာတယ်။ အဲ့ဒီနားမှာ ငါ မနေချင်တော့ဘူး။

အခုဆို ငါ မြေနီလမ်းလေးအတိုင်း ပြန်လျှောက်နေတယ်။ ငါတို့ မြို့လေးရဲ့ ဘူတာရုံလေးဆီ ဦးတည်ပြီးပေါ့။

ငါ ဘူတာရုံရောက်တော့ ခုံတန်းရှည်တစ်ခုမှာ ထိုင်လိုက်တယ်။ ငါ သက်ပြင်းချလိုက်မိတယ်။ ငါ့မသိစိ်တ်က ရထားဆိုက်လာမှာကို စိုးရိမ်နေတယ်လို့ ခံစားရတယ်။ နောက်တော့လည်း ငါဆုတောင်းမပြည့်ပါဘူး။ ရေနွေးငွေ့စက်ခေါင်းကြီးနဲ့ ဆူဆူညံညံ ဝင်လာပါလေရဲ့။

ငါ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ငါ ဒီရထားနဲ့ လိုက်ရမယ်။

ငါ ရထားပေါ် ခြေထောက်ချချချင်းပဲ လောကကြီးက ငါ့ကို သူ့ရင်ခွင်ထဲ ထွေးပွေ့လိုက်တယ်။ ငါစိတ်အာရုံလည်း အနက်ရောင်တွေ လွှမ်းမိုးသွားတယ်။ ငါ့အာရုံငါးပါးလုံး ထိန်းချုပ်မှု မဲ့သွားတယ်။ ငါ့ကိုငါ ပြန်စဉ်းစားတယ်။ ငါ ဆိုတာ မရှိတော့ဘူး။ ငါ ရှေ့ဆက် ဘာမှ မသိတော့ဘူး။….