အခုဒီစာကို ရေးနေတဲ့ အချိန်မှာ မိုးတွေ သည်းသည်းမည်းမည်းကို ရွာနေပါတယ်။ အမိုးစွန်းကနေ ပေ ၂၀ လောက်ခွာထိုင်နေတာကို… Screen ပေါ်မိုးရေစက်လေးတွေ ကျလာလို့ အခု နေရာပြောင်းထိုင်ရတယ်။ ရန်ကုန်မှာဆိုရင်တော့ နောက်လဆန်းဆို ဆောင်းကုန်ပါပြီ။ ဒီမှာကတော့ မိုးရာသီလားပဲ။ အခု အရမ်းချမ်းနေတယ်။

မိုးရွာနေလို့ အိမ်ပြန်ဖို့ အဆင်မပြေတာနဲ့ ကျောင်းမှာ ထိုင်နေတာပါ။ မနေ့ကညနေကလဲ မိုးဆဲတာ ခဏစောင့်ရသေးတယ်။ ကော်ဖီသောက်ကြရင်းနဲ့ပေါ့။ ဝေဖြိုးကျော်ရယ်၊ စလုံး သူငယ်ချင်း တစ်ယောက်ရယ်၊ ကျွန်တော်ရယ်။

စလုံးသူငယ်ချင်းက စပြောတယ်။ ဒီဇင်ဘာဆို စင်္ကာပူမှာ အစိုးရဝန်ထမ်းတွေ ပျော်ကြတယ်တဲ့။ ကျွန်တော်တို့လဲ မေးတာပေါ့။ ဘာလဲ ရုံးပိတ်ရက် ရှည်လို့လားလို့။ ဆိုတော့ ဟုတ်ဘူးတဲ့။ ဒီမှာ အစိုးရဝန်ထမ်းကို နှစ်ကုန်ရင် (ဒီဇင်ဘာလ ရောက်ရင်) Bonus ပေးတဲ့ စနစ်ရှိတယ်တဲ့။ ပေးတဲ့ပုံစံက နိုင်ငံရဲ့ GDP ပေါ်အခြေခံပြီး Bonus ရဲ့ မြှောက်ကိန်းကို တွက်ပါတယ်။ နိုင်ငံစီးပွားရေးကောင်းရင် Bonus ပိုရပါတယ်။ ၂၀ဝ၆ ရဲ့ မြှောက်ကိန်းက ၂ ဒဿမ ၇ ပါ။ တော်တော်မြင့်ပါတယ်။ အဲ့တော့ တစ်လကို စင်္ကာပူဒေါ်လာ ၁၀ဝ၀ဝ ရတဲ့ Lecturer တစ်ယောက်က ဒီနှစ်သူ့ရဲ့ ဒီဇင်ဘာ လစာဟာ အခြေခံလစာ ၁၀ဝ၀ဝ ရယ်၊ Bonus က အခြေခံလစာရဲ့ ၂ ဒဿမ ၇ ဆ ရယ် ဆိုတော့ ၂၇၀ဝ၀၊ ပေါင်း ၃၇၀ဝ၀ ရပါတယ်။

အဲ့တာကြောင့်လဲ သူတို့က ရုံးပိတ်ရက်ရှည်တွေမှာ ဥရောပကို နှစ်တိုင်း ခရီးထွက်နိုင်ပါတယ်။ ကျွန်တော်တို့ Data Structure and Algorithm (Java) သင်တဲ့ဆရာက ပြီးခဲ့တဲ့ ဒီဇင်ဘာကျောင်းသုံးပတ် အပိတ်မှာ Switzerland ကို အလည်သွားပါတယ်။ သွားသင့်တာပေါ့။ ဒီလောက် လခများများရထားတာ။

ဒါပေမယ့်လဲ စလုံးသူငယ်ချင်းက ပြောပါတယ်။ ဒါက ဆရာက လခမြင့်မြင့်ရလို့တဲ့။ တစ်လမှ လခ ၁၀ဝ၀၊ ၁၅၀ဝ လောက်ရတဲ့လူကျတော့ ရတဲ့ Bonus ကပါ နည်းသွားရောတဲ့။ နိုင်ငံသားတိုင်းအတွက် ကိန်းသေတစ်ခုနဲ့ မြှောက်တာကိုး။ သူပြောတာလဲ ဟုတ်ပါတယ်။