ဆေးတက္ကသိုလ်။ ပထမဆုံးကျောင်းတက်တဲ့ နေ့။ နာရီကြည့်လိုက်တော့ ၁၁ နာရီ။ ဗိုက်ကဆာနေပြီ။ စိတ်လှုပ်ရှားနေလို့ မနက်က ဘာမှ မစားမရခဲ့ဘူး။ မနက် ၉ နာရီထဲက စာလာသင်ရမယ့် ဆရာ အခုအထိ လူရိပ်လူရောင် မမြင်ရသေးဘူး။

ကိုယ့်အထက်တန်းကျောင်းက သူငယ်ချင်းလည်း မရှိတော့ တစ်ယောက်ထဲ ငုပ်တုတ်။ လျှောက်စဉ်းစားနေရင်းနဲ့ ဆရာဝင်လာတယ်။ စာသင်မယ့် စင်ပေါ်တက်သွားတယ်။ Briefing ပေးတယ်။ ဆေးကျောင်းသားတွေ လိုက်နာရမယ့် စည်းကမ်းတွေကို ရှင်းပြတယ်။

ဆေးလိပ်မသောက်ရ။
အရက်မသောက်ရ။
စုံတွဲများ မဖွယ်မရာ မပြုရ။ (ပြောသွားသည်ဟု ထင်ပါသည်။)
အတန်းတက်ချိန် မှန်ရမည်။

စသဖြင့် စသဖြင့် ပြောသွားပါတယ်။

ပြောစရာရှိတာတွေ ပြောပြီး စာနည်းနည်း စသင်ပါတယ်။ ဆရာ နောက်တော့ အရှိန်ရသွားလားမသိ။ သင်ကောင်းကောင်းနဲ့ သင်လိုက်တာ ၁၂ နာရီ ကျော်လို့ မိနစ် ၂၀ လောက်ဖြစ်လာတယ်။ ကျွန်တော် ဘယ်လိုမှ သည်းညည်းမခံနိုင်တော့ပါဘူး။ ဗိုက်က အရမ်းကိုဆာနေပါပြီ။ တခြားကျောင်းသားတွေလည်း ဒီလိုပဲ လို့ထင်ရတာပဲ။

အဲ့ဒီ အချိန်မှာပဲ မိန်းကလေးတစ်ယောက်က မတ်တပ်ထလိုက်ပါတယ်။ ပြီးတော့…

ဆရာ… အခု ၁၂ နာရီကျော်နေပါပြီ။ ၁၂ နာရီမှာ သမီးတို့ အတန်း Lunch Break ယူခွင့်ရှိပါပြီ။ ဆရာက သမီးတို့ကို အတန်းချိန် နောက်မကျရဘူး ပြောပေမယ့်လည်း ဆရာကိုယ်တိုင် အတန်းထဲ ဝင်လာတာ နောက်ကျပါတယ် ဆရာ။ နောက်ပြီး အခု သမီးတို့ရဲ့ Lunch Time ကို ဆရာ ဆက်ယူနေပါတယ်။ ဆရာ သမီးတို့ အားလုံး Lunch စားဖို့ သင့်ပါပြီ။

တဲ့။ ကျွန်တော် အရမ်းပျော်သွားတယ်။ အဲ့ဒီမိန်းကလေးကိုလည်း လေးစားသွားတယ်။ ကျွန်တော် ထပြောဖို့ စဉ်းတောင်မစဉ်းစားတဲ့ အချိန်မှာ သူ တည်တည်ငြိမ်ငြိမ်လေးကို ပြောသွားတာပါ။ ကျောင်းသားတွေ အားလုံးရဲ့ ကိုယ်စားပေါ့။ ဆရာ Class ကို ချက်ချင်းပဲ Break ပေးလိုက်ပါတယ်။

သူ ဆရာကို ဒီလို ပြောသင့်သလား။

ဆရာက ဘယ်လို စဉ်းစားမှာလဲ။ ဆရာ့အနေနဲ့

ငါအရမ်းမှားသွားတယ်။ ငါ့ဘာသာငါ ဘာကိစ္စကြောင့်ပဲ နောက်ကျနောက်ကျ သူတို့ကို ရှင်းပြပြီး နားလည်အောင် တောင်းပန်သင့်တယ်။ နောက်ပြီး သူတို့ရဲ့ Lunch Break ကို ၁၅ မိနစ်လောက်သုံးခွင့် ပေးဖို့လည်း ငါ သူတို့ကို Request လုပ်သင့်တယ်။ ဘာလို့ဆို ငါက သူတို့ရဲ့ စာသင်ပိုင်ခွင့် ၂နာရီကို ဖျက်ဆီးခဲ့သလို သူတို့ရဲ့ နားချိန်ကိုလည်း ဘာမပြော ညာမပြော ယူသုံးခဲ့တယ်။

(ဒါမှမဟုတ်) ဒီမိန်းကလေးက ရိုင်းလှချည်လား။ ငါ့ကို ကျောတာလား။ ဂရုမစိုက်တာလား။ ငါ့ကို ဘာမှတ်နေလို့လဲ။ ငါ စေတနာနဲ့ သင်ပေးတာကို လူပါးဝလို့။ ငါ နောက်ကျတာလည်း သူဘာမှ ပြောစရာ အကြောင်းမရှိဘူး။ ကိစ္စရှိလို့ မလာနိုင်တာပေါ့။ နင်တို့ကို စေတနာမေတ္တာအပြည့်နဲ့ လခနည်းနည်းပဲ ယူပြီး စာသင်ပေးနေတာ ကိစ္စရှိလို့ တစ်ရက်နောက်ကျပါတယ်။ စော်ကားမော်ကား သိပ်ပြောတယ်။ Lunch Break ကို ယူတော့လည်း ဘာဖြစ်တုန်း။ နင်တို့ကမှ အခုပြီးရင် စားရဦးမယ်။ ငါ့မှာ လုပ်စရာတွေ အများကြီး။

ကဲ… ဘယ်လို တွေးနေကြလဲ။ ဘယ်လို တွေးရင် မှန်သလဲ။

မှတ်ချက်။ ။ဒီစာကို ရန်ကုန်မှာ ရေးပြီးတင်တယ်။