ရန်ကုန်မှာ ထုတ်တဲ့ ဂျာနယ်တချို့ဖတ်ခွင့်ရလို့ ဟိုလှန်ဒီလှန် လုပ်တော့ ဓာတ်ပုံလေးတစ်ပုံတွေ့တယ်။ တရုတ်နိုင်ငံက မူလတန်း ကျောင်းသူလေး တစ်ယောက် ကျောင်းသားလေးတွေ ကြားထဲမှာ ထိုင်နေတာကို ရိုက်ထားတာပါ။ အတန်းထဲမှာ ယောကျာ်းလေး ၃၉ ယောက်ရှိပြီး မိန်းကလေး ၈ ယောက်သာ ရှိပါသတဲ့။ နောက်ပြီး အဲ့ဒီ ရှားရှားပါးပါး မိန်းကလေးတွေကလည်း ယောကျာ်းလေးတွေကို အတုယူပြီး ရန်လိုစိတ်လေးတွေ ဝင်နေကြပါတယ်တဲ့။

ဒီလိုဖြစ်ရတာက တရုတ်နိုင်ငံရဲ့ ကလေးတစ်ယောက်ပဲ မွေးခွင့်ပြုမှုကြောင့် ဖြစ်ပါတယ်။ တရုတ်လူမျိုး မိသားစုတွေကလည်း ယောကျာ်းလေးကိုပဲ ဦးစားပေးယူပြီး မိန်းကလေးဆိုရင် ကိုယ်ဝန်ဖျက်ချတာမျိုးလုပ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ဖတ်တဲ့ ဂျာနယ်က ဒါဟာ တရုတ်လူမျိုးတွေရဲ့ လူမျိုး(မိသားစု)ထိန်းသိမ်းရေးကြောင့်လို့ မယူဆပဲ ယောကျာ်းလေးမွေးရင် မိဘတွေ အသက်ကြီးလာရင် ပိုအားကိုးရလို့ပါတဲ့။

အကျိုးဆက်အားဖြစ် ၂၀၂၀ ခုနှစ်ကျရင် လူပျိုကြီးပေါင်း သန်း ၃၀ ဖြစ်လာနိုင်တယ်တဲ့။ တရုတ်အစိုးရလည်း သနားဖို့ကောင်းပါတယ်။ အဲ့ဒီလိုမှ မလုပ်လဲ လူဦးရေထိန်းသိမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရှေ့တိုးမရ၊ နောက်ဆုတ်မရကြီးပါ။

တဆက်ထဲ စဉ်းစားမိတာက စင်္ကာပူပါ။ ကလေးမွေးတာ နည်းနေလို့ ကလေး ၃ ယောက်မွေးရင်ဖြင့် မိဘတွေမှာ အကျိုးခံစားခွင့်တွေ ပေးမယ်ဆိုတာမျိုး လုပ်လာပါတယ်။ ကျွန်တော်စဉ်းစားနေတာက အဲ့ဒီ့ ဟိုလူပျိုကြီးတွေကို ဒီကို လာခိုင်းလိ်ုက်မယ်၊ စင်္ကာပူနိုင်ငံသူ (ကျွန်တော်တို့အခေါ် စလုံးမ) တွေနဲ့ ယူကြမယ်ဆိုရင်..

သူများသားသမီးကို ပိုင်စိုးပိုင်နင်း ပြောတာမဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ ကျောင်းရဲ့ Director ကိုယ်တိုင်က ကျွန်တော်တို့ကို ပြောခဲ့တဲ့ စကားရှိပါတယ်။

ဒီနှစ် ငါ နိုင်ငံခြားကျောင်းသားတွေကို အရင်နှစ်တွေထက် ပိုခေါ်ခဲ့တယ်။ ဘာလို့ဆို မင်းတို့က တော်လို့။ မင်းတို့ ကျောင်းပြီးရင် ဒီမှာပဲ အလုပ်လုပ်ကြပါ။ ဒီက မိန်းကလေးတွေနဲ့ပဲ လက်ထပ်ကြပါ။

တဲ့။ ကျွန်တော် လိမ်လည်း မပြောဘူး။ ပိုလည်း မပြောဘူး။ အဲ့ဒီအတိုင်းကို ပြောသွားတာပါ။ ဒီမှာ အပြီး အခြေချပါဆိုတဲ့ သဘောပေါ့ဗျာ။ ဆက်သာ တွေးကြည့်ကြပါတော့…