မောင်သန့်ဇင် ကို အေး၏၊ လိမ္မာ၏။ လို့ မထင်ပါနဲ့။ (ဘယ်သူမှလည်း မထင်လောက်ပါဘူး။) မထင်နဲ့ လို့ ပြောရတာက ၈ တန်းတုန်းက တခြား ဘယ်အတန်းမှာမှ မဖြစ်ဖူးတဲ့ ကျောင်းတက်ခွင့် ၂ ပတ် ပိတ်ခြင်း တည်းဟူသော အပြစ်ဒဏ်အား (S)တန်းမှ မောင်သန့်ဇင် ဆွတ်ခူးဖူးသောကြောင့်ပါ။

ဆရာမကိုလည်း ဆံပင်မဆွဲပါဘူး။ မုန့်ဈေးတန်းကိုလည်း မီးမရှို့ပါဘူး။ :’( ကိစ္စကတော့ ပေသီးပါ။ ကျွန်တော့်သူငယ်ချင်းကို ကျူရှင်မှာ ကျွန်တော်က ပေသီးဝယ်ခိုင်းတယ်။ သူက ဆော့လို့ကောင်းတယ် ပြောတာကိုး။ ဒါနဲ့ ကျွန်တော့်သူငယ်ချင်း နောက်တစ်ယောက် (သူကို့ မောင်ခကွေးလို့ နာမည်ပေးမယ်။ ဟို… ကျွန်တော်ဝယ်ခိုင်းတဲ့ သူငယ်ချင်းကိုတော့ မောင်ကကြီးပေါ့။) အင်း.. အဲ့ဒီ မောင်ခကွေးကလည်း မောင်ကကြီးကို တစ်ထုပ် ဝယ်ခဲ့ပါတဲ့။

မောင်ကကြီးက ဝယ်လာပါတယ်။ ကျောင်းကို ဝယ်လာတာ။ အဲ့တာကို မောင်ခကွေးက တစ်ထုပ်ကို ဖောက်လိုက်ပါတယ်။ (ချက်ချင်းဆော့ချင်လို့ နေမှာ။) မောင်ခကွေးက ဖောက်ပြီး ကောင်းကောင်း မဆော့ပါဘူး။ ဆရာမ စာရေးနေတဲ့ WhiteBoard ကို လှမ်းပေါက်ပါတယ်။ စာအုပ်တွေထဲကလို ပြောရင်တော့ ရာဇဝတ်အိုးကို ဒုတ်နဲ့ထိုးမိခြင်းပေါ့။

တစ်တန်းလုံး (မိန်းကလေးတွေရော) ခုံပေါ်တက်ရပြီး တစ်ခန်းလုံးကို (ပိုက်စိပ်တိုက်) ရှာပါတယ်။ မမိ, ရှိမလား။ မိတော့ ဘယ်သူတွေလဲတဲ့။ ကကြီးနဲ့ ခကွေးက ဝန်ခံရတော့တာပေါ့။ ကျွန်တော်လည်း ဖြောင့်ချက်ပေးလိုက်ရပါတယ်။ ဒါနဲ့ ဆရာကြီးရဲ့ ရုံးခန်းထဲ မရောက်ခင် ဆယ်တန်းအတန်းမှူး (လို့ထင်ရတဲ့) ဆရာတစ်ယောက်က စစ်ပါတယ်။ (ကျွန်တော်တို့ ဝန်ခံပြီးမှကို စစ်သေးတာ။)

ဘာလို့ ယူလာတာလဲဆိုတော့ ဆော့မလို့လို့ ဖြေရင်လည်း ရွဲ့ရာကျတော့မယ်။ ဒီဆရာနဲ့တော့ ခက်ပါတယ်။ ဘေးကဆရာမက ဘေးမှာရပ်ပြီး ဘေးတီးပါတယ်။ ဒါက ပေသီးတဲ့။ ရှင်းသွားတာပဲ သူပြောမှ။ သူဆိုလိုချင်တာက ဒါ အထိတ်တလန့် ဖြစ်အောင်လုပ်တယ်ပေါ့။ ကျွန်တော်လည်း ဝင်ပြောရတော့တယ်။ ဆရာမ ကိုယ်တိုင်ဖောက်ကြည့်ပါလို့။ အသံမကျယ်ဘူးလို့။ ဆိုတော့ ဆရာမက ဒေါသနဲ့ “အောင်မယ်၊ ငါ့ကို မလေးမစား။” တဲ့။ ကြည့်ရတာ ဆော့ချင်ရက် လက်တို့ ဖြစ်သွားတယ် ထင်ပါတယ်။ ဆရာရှိနေတော့ ယူဖောက်ကြည့်လို့လဲ မကောင်းဘူးလေ။

အဲ့တာနဲ့ပဲ ကျောင်း(၂)ပတ် အနားခံလိုက်ရပါတယ်။ ပေသီးထုပ်လည်း Confiscate လိုက်ကြပါတယ်။ ကျွန်တော် အဲ့ဒီအထုပ်ကို လက်နဲ့တောင် မထိလိုက်ရပါဘူး။

(ကျွန်တော်ရေးတဲ့ ဒီစာမှာ ဆရာ၊ဆရာမတွေကို အဂါရဝသင့်စေမယ်ဆိုရင်တော့ ခွင့်လွှတ်စေချင်ပါတယ်။ မခံချင်လို့ပါ။ မှန်ပါတယ်။ WhiteBoard ကို ပေသီးနဲ့ ပစ်တာ အင်မတန် ရိုင်းတဲ့ အပြုအမူပါ။ ကျွန်တော်တို့က ဒီကိစမှာ ပတ်သက်နေရုံနဲ့ ဒီလိုအပြုအမူကို အားပေးအားမြောက် လုပ်မယ်လို့ ယူဆတာတော့ မကောင်းဘူးလို့ ထင်ပါတယ်။ ၃ ယောက်လုံး ၂ ပတ်နားလိုက်ရပါတယ်။

ဒီလိုပြောတော့ ကျွန်တော်တို့က လူပေလူတေလေးတွေ ကျနေတာပဲ။ ပြောရမယ်ဆိုရင်၊ မောင်ကကြီးက English စာအရမ်းကောင်းတဲ့ အတန်းထဲ Top Student တစ်ယောက်ပါ။ သူ့ကို ဝယ်ခိုင်းတော့တောင် သူက ပြောသေးတယ်။ “ငါ့အမေက ငါ့ကို နေ့တိုင်း တစ်ထုပ်ဝယ်ပေးတယ်” တဲ့။

ကျွန်တော်တွေးမိတာက ဆရာမတွေ ဒီကိစ္စကို သေသေချာချာ သုံးသပ်ရဲ့လား ဆိုတာပါ။ “ငါတို့ကို ရိုသေနေရမယ်” နဲ့ “ငါတို့ကို ကြောက်နေရမယ်” ဆိုတဲ့ မတူတဲ့ အယူအဆ နှစ်ခုကို ရောပစ်လိုက်ကြတယ်။ ဆရာမက “နည်းနည်းမှ မလှုပ်နဲ့” ဆိုလို့ ဒူးအောက်မှာ ကျောက်ခဲလေး ဝင်နေတာကိုတောင် နေရမရွှေ့ရဲတဲ့၊ ဒူးထောက်အပြစ်ပေးတာကို ချွေးဒီးဒီးကျခံနေရတဲ့၊ မူလတန်း ကျောင်းသူလေး အကြောင်း ကို ဆရာမောင်သစ်ဆင်းရဲ့ ကြောက်စိတ် ဆိုတဲ့ စာအုပ်မှာ ဖတ်နိုင်ပါတယ်။)

ဆရာ၊ ဆရာမများအား ချစ်ကြောက်ရိုသေလျက်၊ သတိရလျက်
mgthantzin