ဟိုနေ့ညက သူငယ်ချင်းတွေဆီ သွားပြီး သုူတို့ အိမ်အောက်မှာ ညဘက်ကြီး စကားဝိုင်းထိုင်ပြောကြတယ်။ ဘဝအကြောင်း၊ ဘာအကြောင်း၊ ညာအကြောင်း တွေပေါ့ဗျာ။ အစုံပါပဲ။ အဲ့လိုပြောနေတုန်း ည ၂ နာရီ လောက်ကြတော့ မလေး ပုံစံနဲ့ ကောင်လေး ၈ ယောက်လောက် ကျွန်တော့်တို့ ဘေးက စားပွဲမှာ လာထိုင်တယ်။ (အိမ်အောက်ဆုံးထပ်မှာ အခန်းတွေ မရှိပဲ ထိုင်ခုံတွေ၊ စားပွဲတွေ ထားထားပေးတယ်။)

သူတို့ဆီမှာ ဂစ်တာတစ်လုံးလဲ ပါတော့ ကျွန်တော်က သီချင်းဆိုမယ် ထင်တာ။ ကိုယ်တော်တွေက ဖဲရိုက်ရော။ ရိုက်ပေါ့။ ရှိုးရိုက်တာထင်တယ်။ နောက်တော့ ရန်ဖြစ်တာလဲ မဟုတ်ပဲ အော်ကြီးဟစ်ကျယ်နဲ့ ဘာတွေလျှောက်ပြောနေကြမှန်း မသိဘူး။ (ကိုယ် နားမလည်တာလဲ ပါပါတယ်။) သူတို့ ထိုင်ပြီး ၁ နာရီလောက်မှာ သူတို့ဘက်က တော်တော်လေး ဆူလာတယ်။

၃နာရီထိုးလောက်လည်း ကြရော၊ ဝတ်စုံပြည့်နဲ့ ရဲနှစ်ယောက် ရောက်လာတယ်။ ရောက်လာပြီး အားလုံးကို ခြုံမေးတယ်။ ကျွန်တော်တို့ သုံးယောက်က အဲ့ဒီ ၈ ယောက်နဲ့ တစ်ဖွဲ့ထဲလား တဲ့။ ဟင့်အင်း ဟင့်အင်း ပေါ့။ ဟိုကောင်တွေကလည်း “သပ်သပ်ပါ။ မဆိုင်ဘူး” လို့ ပြောတယ်။

အဲ့ဒီတော့မှ ရဲက အဲ့ဒီကောင် ၈ ကောင်ကို “မင်းတို့ ဆူလို့ ငါတို့လာတာ၊ မင်းတို့ အခုလူစုခွဲပါ။ မခွဲဘူးဆိုရင် မင်းတို့ကို တရားမဝင်စုရုံးမှုနဲ့ အရေးယူမယ်တဲ့။” အကျိုးကို နည်းတာပဲ။ ကိုယ်နဲ့တော့ ဘာမှ မဆိုင်ဘူး။ ဒါပေမယ့် မြန်မာတွေး၊ တွေးပြီး ရင်တော့ပူတယ်။ ကျွန်တော့်သူငယ်ချင်းတွေကတော့ မဆိုင်သလိုပဲ။ စကားအေးဆေးပြောနေတယ်။

အဲ့တော့ ကောင်လေးတွေလည်း မခွဲချင် ခွဲချင်နဲ့ လူစုခွဲလိုက်ရတယ်။ ကျွန်တော့်သူငယ်ချင်းတွေ ပြောတာတော့ “ဒီနားက အိမ်တစ်အိမ်က ဆူလို့ တိုင်လိုက်တယ်နဲ့ တူတယ်။” တဲ့။ အဲ့လိုပါပဲ။ တိုင်လို့ရတယ်။ တိုင်လိုက်ရင်လည်း ချက်ချင်းရောက်ရောက် လာတတ်တယ်။

ကျွန်တော်တို့က စားပွဲနဲ့ ထိုင်ခုံလေးလုံး အသေစိုက်ထားတဲ့ နေရာမှာ သုံးယောက်ပဲ ထိုင်နေတာပါ။ ရဲတွေက ဟိုကောင်တွေလည်း ထွက်သွားရော ရဲနှစ်ယောက်မှာ ရာထူးကြီးဟန် ရှိတဲ့ တစ်ယောက်က ကျွန်တော်တို့ဆီလာပြီး စတုတ္ထခုံမှာ ထိုင်ပါရစေတဲ့။ ခွင့်တောင်းတယ်။ ထိုင်ပါပေါ့…

ရဲ ။ မင်းတို့က စင်္ကာပူနိုင်ငံသားလား။

ကျွန်တော်တို့ ။ ဟုတ်ဝူး။ မြန်မာနိုင်ငံကပါ။ ကျောင်းသားတွေပါ။

ရဲ ။ ဘယ်မှာနေတာလဲ။

ကျွန်တော်တို့ ။ (အပေါ်ကို လက်ညှိုုးထိုးပြပြီး) ဒီတိုက်မှာပဲ။

ရဲ ။ သြော်.. အခုနက ကောင်တွေ ဒီနားမှာ ဘယ်လောက်ကြာပြီလဲ။

ကျွန်တော်တို့ ။ ၁ နာရီလောက်တော့ ရှိပြီထင်တယ်။

ရဲ ။ ဒီကောင်တွေ အရမ်းဆူလား။

ကျွန်တော်တို့ ။ နည်းနည်းတော့ ဆူတယ်။

ရဲ ။ အေး၊ အနှောင့်အယှက် ရှိရင်ပြောနော်။ ငါတို့ ဖုန်းနံပါတ် သိတယ် မဟုတ်လား။

သူငယ်ချင်း ။ ၉၉၉…

ရဲ ။ အင်း ဟုတ်တယ်။ Triple 9။ လိုအပ်ရင် ဆက်သွယ်ပါ။ သွားလိုက်ပါဦးမယ်။

လို့ ယဉ်ယဉ်ကျေးကျေး ပြောပြီး ထွက်သွားလေရဲ့။ ကျေနပ်မှု၊ အားမလိုအားမရမှုတွေနဲ့ ကျွန်တော်တို့ ကျန်ရစ်ခဲ့တယ်။ သူငယ်ချင်းတွေက နောက်မှရှင်းပြတယ်။ သူတို့လည်း ရဲကို ကြုံဖူးကြောင်း။ ရိုးနေပြီဖြစ်ကြောင်း…

ကျွန်တော်ကတော့ အတွေ့အကြုံသစ် တစ်ခု ရလိုက်တာပေါ့ဗျာ။