အပိုင်း(၁) ကို ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။

အသံတိုးတိုး နဲ့ ခပ်အေးအေး စကားပြော တတ်တဲ့ ယောကျာ်းလေး တစ်ယောက်ကို-

ပထမမိန်းကလေးက

ဘယ်လိုကောင်မှန်းမသိဘူး။ အိညောင် အိညောင် နဲ့ ဘာတွေ ပြောနေမှန်းမသိဘူး။ စိတ်ညစ်ဖို့ ကောင်းတယ်။

တဲ့။

ဒုတိယမိန်းကလေးကတော့

သူပုံက သိမ်သိမ်မွေ့မွေ့ဟ။ စကားပြောရင်လည်း နူးနူးညံ့ညံ့နဲ့။ ကြင်နာမယ့် ပုံပဲ။

တဲ့။

သူတို့ နှစ်ယောက်ရဲ့ ဆန့်ကျင်နေတဲ့ ဒီအပြောနှစ်ခုရဲ့ အခြေခံ အကြောင်းတရားတွေကတော့

၁) Perception (စိတ်ထဲမှာ ကြိုရှိနေတဲ့ [အမှန်တရားလို့လက်ခံထားတဲ့] သတ်မှတ်ချက်)

စိတ်ထဲမှာ ယောကျာ်းလေးဆိုတာ အသံကျယ်ကျယ်လောင်လောင် နဲ့ ကိုယ်ပြောချင်တာကို ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝံ့ တင်ပြရဲမှ အားကိုးလောက်တဲ့ ယောကျာ်းဆိုတာနဲ့ ညင်ညင်သာသာ ပြောဆိုမှ ကြင်နာတတ်တဲ့၊ ခင်မင်တွယ်တာစရာ ကောင်းတဲ့ ယောကျာ်းရယ်လို့ အမြင်ကွဲတာဟာ မသိစိတ်က ကြိုသတ်မှတ်ထားတဲ့ အချက်တွေ ကြောင့်ဖြစ်ပါတယ်။

ဥပမာ။ ရှေ့သိပ်ထွက်လွန်းတဲ့ မိန်းကလေးကို မြန်မာယဉ်ကျေးမှု ပေတံဆိုတဲ့ ကြိုတင်လက်ခံထားတဲ့ Perception တွေနဲ့ ယှဉ်ထိုးကြည့်ပြီး ဒီမိန်းကလေးက လက်လွတ်စပယ်လေး လို့ ဝေဖန်သတ်မှတ်လိုက်တာမျိုးပါ။ သူဘာကြောင့် ကိုယ့်ဘဝကိုယ် ဦးဆောင်နေရတယ်ဆိုတဲ့ အချက်ကို နားမလည်ပေးခင်မှာပဲ တစ်ဖက်သက် သတ်မှတ်လိုက်တာပါ။ ကြောက်ဖို့ကောင်းပါတယ်။ Perception က ကိုယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပေးနိုင်ရင်တော့ ကောင်းပါတယ်။ မပေးနိုင်ရင် ကိုယ့်ဆုံးဖြတ်ချက်ရဲ့ မကောင်းတဲ့ အကျိုးဆက်တွေကို ခံစားရနိုင်ပါတယ်။ ကားလမ်းပေါ် ဆင်းပြီး ဘောလုံးကန်ရင် ကားတိုက်ဖို့ အခွင့်အလမ်း ကြီးတယ်ဆိုတဲ့ ကိုယ့်ယုံကြည်ချက်ကြောင့် ကိုယ့်သားတစ်ယောက် ထူးချွန်တဲ့ အားကစားသမားတစ်ယောက် ဖြစ်လာနိုင်ခွင့် မရှိတော့တာဟာ နိုင်ငံအနေနဲ့ပါ ဆုံးရှုံးမှုရှိပါတယ်။ Perception ရဲ့ မကောင်းတဲ့ အစိတ်အပိုင်းတွေပါ။

၂) Criteria (စိတ်ထဲက သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်)

အပေါ်မှာ ပြောခဲ့တဲ့ Perception က မွေးဖွားလာတဲ့ စံသတ်မှတ်ချက်တွေပါ။ Criteria ကို ရုပ်သဘော ရှင်းပြရရင်-

ဆိုပါစို့။ အိမ်တစ်အိမ်က ဟင်းချက်ရင် ဆားအထည့် များတယ်။ ဒုတိယတစ်အိမ်က ပြောတယ်။ နင်တို့ အရမ်း အလေးစား တာပဲတဲ့။ ပထမအိမ်က ပြန်ပြောတယ်။ နင်တို့ချက်တာတွေလည်း ငါတို့ မစားတတ်ပါဘူး။ ပေါ့ပျက်ပျက်နဲ့ တဲ့။

နောက်ဥပမာတစ်ခု။ ကပ်စေးတယ်လို့ လူအများက သတ်မှတ်ခံထားရတဲ့ လူတစ်ယောက်ကတော့ “မပြုန်းတီးရအောင်လို့ ချွေတာ တာပါ” လို့ ပြန်ဖြေရှင်းမှာပဲ။ ဘာလို့ဆို သူက သူများတွေဟာ ပိုင်ဆိုင်မှုတွေကို ဖြုန်းတီးနေကြတယ် လို့ (တကယ်ကို) မြင်နေလို့ပါ။ ဘယ်လောက်သုံးသင့်တယ် ဆိုတဲ့ စံသတ်မှတ်ချက်က တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

ငယ်ငယ်လေးထဲက စည်းကမ်းရှိမှ တိုးတက်မယ် ဆိုတဲ့ အယူအဆကို မိဘတွေဆီက ရခဲ့တဲ့ ကလေးက ကိုယ့်ကိုယ်ကို စည်းကမ်းအရမ်းကြီးတယ်သူလို့ ထင်နေတာ မမှားပါဘူး။ ဒါပေမယ့်လည်း သူ့ထက် စနစ်ပိုကျတဲ့ စည်းကမ်းပိုကြီးတဲ့ လူတစ်ယောက်က “ဟာ… မင်းစည်းကမ်း မရှိလိုက်တာကွာ” လို့ပြောရင် အဲ့ဒီကလေး ခံနိုင်ပါ့မလား။ စဉ်းစားစရာ ပါပဲ။ လူတွေက ကိုယ်ပိုင်သံစဉ်တွေနဲ့တော့ အသံကောင်း နေကြတာချည်းပဲ။ ကိုယ့်စံသတ်မှတ်ချက် တွေနဲ့ ကိုယ်ဟာ လူတော်လူကောင်းလို့ ထင်ထင်နေတတ်ကြပါတယ်။ လောကကြီးက အမှန်တကယ် ကိုယ့်ကို ဘယ်လို သတ်မှတ်နေသလဲ။…

၃) Life Style (လူနေမှု ဟန်ပုံစံ)

Life Style က Perception နဲ့အတူ Criteria ကိုပါ ပြောင်းလဲစေပါတယ်။ ပတ်ဝန်းကျင်၊ မိဘဆွေမျိုးအသိုင်းအဝိုင်း၊ ပညာရေး၊ ဓနပိုင်ဆိုင်မှု၊ ငွေကြေးသုံးစွဲမှု ပုံစံ၊ ကြီးပြင်းခဲ့တဲ့ ပုံစံ စတဲ့ စတဲ့ စတဲ့ အရာတွေပေါ်လိုက်ပြီး Life Style က ပြောင်းလဲပါတယ်။

ဥပမာပေးပါရစေ။ အနောက်တိုင်းယဉ်ကျေးမှုမှာ ကြီးပြင်းလာတဲ့ မြန်မာမိန်းကလေး တစ်ယောက်အတွက် ညည့်နက်သန်းခေါင် ယောကျာ်းလေးမိတ်ဆွေနဲ့ Night Club တက်တာကို သူ့ရဲ့ အုပ်ထိန်းသူတွေက ဘာမှမပြောပေမယ့် မြန်မာပြည်မှာဆိုရင်တော့ အဲ့ဒီမိန်းကလေး သွားပါပြီ။ ရစရာတောင် မကျန်လောက်ပါဘူး။ ဒါကတော့ ယဉ်ကျေးမှုတွန်းတိုက်ခြင်းလဲ တစိတ်တဒေသပါသွားပါပြီ။

မြန်မာပြည်က မိဘအုပ်ထိန်းသူက ပြောပါလိမ့်မယ်။ ဒီမိန်းကလေး ပျက်စီးမှာပေါ့တဲ့။ ဒါဆို ကျွန်တော်တို့ စဉ်းစားရပါလိ့မ်မယ်။ ဟုတ်ကောင်းဟုတ်လိမ့်မယ်။ မိန်းကလေးဆိုတာ အားနွဲ့သူလို့ လက်ခံထားကြတာကိုး။

ဟုတ်ပါပြီ။ ဒါဆို အနောက်တိုင်းရောက်နေတဲ့ မြန်မာလူမျိုး မိဘအုပ်ထိန်းသူတွေက ဘာလို့ ခွင့်ပြုတာလဲ။ အနောက်တိုင်းယဉ်ကျေးမှုကို အထင်ကြီးလို့လား။ အဲ့လို ပြောရင်တော့ ရန်တွေ ထဖြစ်ကုန်ကြပါလိ့မ်မယ်။ သူတို့မှာလည်း ခိုင်လုံတဲ့အကျိုးအကြောင်းရှိလို့ပါ။ ဒါကြောင့်မို့ ခွင့်ပြုတာပါ။

ဥပမာ။ ၁၈ နှစ် (သို့) ၂၁ နှစ်ပြည့်ပြီးလို့ ကိုယ့်ကြမ®ာကိုယ် ဖန်တီးခိုင်းတာမျိုးပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချ။ ကိုယ့်ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲကိုလည်း ကိုယ်ပဲခံ ဆိုတဲ့ ဘဝသင်ရိုးညွှန်းတမ်းအတိုင်း သင်ပေးတာပါဆိုရင် မြန်မာပြည်က မိဘ အုပ်ထိန်းသူတွေအနေနဲ့ ဘာပြောကြပါမလဲ။

ကျွန်မတို့ကတော့ ကိုယ့်သားသမီး လွှတ်မထားနိုင်ပါဘူးပဲ ပြောကြမှာပါပဲ။ အမြင်နှစ်ခုက အရမ်းကို ဆန့်ကျင်နေလို့ပါ။ တစ်ထစ်လျှော့ပြီး အပြန်အလှန် စဉ်းစားပေးကြရင်တော့ နှစ်ဖက်အကျိုးရှိပါလိမ့်မယ်။

“မောင်သန့်ဇင် မင်းကရော ဘယ်ယဉ်ကျေးမှုဘက်က ရပ်မှာလဲ” လို့ မေးကြမလားဟင်။ နှစ်ဖက်လုံးဘက်က နားလည်ပေးနိုင်မယ်ဆုရင် ဘယ်ဘက်ကမှ ရပ်ပြီး “ငါတို့မှန်တယ်” အော်နေစရာ မလိုတော့ပါဘူး လို့ပဲ ပြောပါရစေတော့… ခင်ဗျာ။