လောကကြီးမှာ ကိစ္စတစ်ခုကို အမြင်တစ်ဖက်ကထက် ပိုစဉ်းစားစမ်းပါဟာ တဲ့။ ကျွန်တော် ၆ တန်းလောက်က မြန်မာပြည်အထက်ပိုင်း *မြို့လေးတစ်မြို့ကို ခရီးထွက်တော့ အဲ့ဒီမြို့လေးရဲ့ ဘောလုံးကွင်းထဲမှာ ကျွန်တော့်အစ်မက ကျွန်တော့်ကို ဆုံးမတဲ့ စကားပါ။ ကျွန်တော်ကြောင့် ပြဿနာတစ်ခု တတ်လို့ပါ။

ဦးနှောက်ကပဲ အရာရာကို မှတ်နေတဲ့ အချိန်မို့လား မသိဘူး။ ကျွန်တော့် ခေါင်းထဲစွဲသွားပါတယ်။

ဒုတိယအကြောင်းအရာ… ကျွန်တော့်တို့ ငယ်ငယ်တုန်းက (၈တန်းလောက်က စပြီး) ရေးပေးပါ စာအုပ်လေးတွေ ခေတ်စားလာပါတယ်။ ကျွန်တော်တို့ အချင်းချင်း လှည့်ပတ်ရေးခိုင်းကြတာပေါ့ဗျာ။ အဲ့ဒီမှာ ပါတဲ့ ကွက်လပ်တစ်ခုက “ဘဝမှာ အရေးကြီးဆုံးက” ဘာလဲတဲ့။ ကျွန်တော် နောက်တီးနောက်တောက်မလုပ်ပဲ တည်တည်တံ့တံ့ ရေးမယ်ဆိုရင် “နားလည်မှု” လို့ ကျွန်တော် ရေးပေးလေ့ရှိပါတယ်။

ဒုတိယအမြင် နဲ့ နားလည်မှုက ကျွန်တော့်ကို ဘယ်လို စိုးမိုးစေခဲ့လဲ။ ကျွန်တော်က အရမ်းအစသန်ပါတယ်။ ခင်တဲ့ သူငယ်ချင်းဆို ပိုနောက်တယ်။ ဒါပေမယ့် တချို့က နည်းနည်းပြောရင် များများစိတ်ဆိုး တတ်ပါတယ်။ နားမလည်ပေးကြပါဘူး။ ချစ်လို့၊ ခင်လို့ စတာကို။ ကျွန်တော် လွန်တယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်သုူတို့ရဲ့ အကျိုးစီးပွား မထိခိုက်ဘူး။ စိတ်အနှောင့်အယှက်ဆိုတာလဲ အကြာကြီးပေးထားတာ မဟုတ်ဘူး။ ပြီးတော့ လေးလေးနက်နက် ပြန်တောင်းပန်တာပဲ။ ဒါပေမယ့် ခွင့်မလွှတ်ချင်ကြဘူး။ ကလေးတုန်းက ကိစ္စတွေပါ။ အခုတော့လည်း ပြုံးစရာလေးတွေပေါ့။

ဒါပေမယ့် အဲ့ဒီတုန်းကတော့ သူငယ်ချင်းတစ်ယောက် စိတ်ဆိုးရင် ကျွန်တော် ဂနာမငြိမ်တော့ဘူး။ စိတ်လုံးဝမကောင်းဘူး။ စိတ်ကျေနပ်တဲ့အထိ ပြန်တောင်းပန်တတ်တယ်။ (အခုတော့ အဲ့တာတွေ ရှိတော့ဘူး။) ဆယ်တန်းပြီးတဲ့အချိန်မှာ အဲ့တာတွေ ပြန်စဉ်းစားတော့ ကလေးအရမ်းဆန်သလို ခံစားခဲ့ရတယ်။ ဘာကြောင့် ဒီပြဿနာတွေ ဖြစ်တာလဲ။ အရင်းခံကို စဉ်းစားကြည့်တော့ အပြန်အလှန်နားလည်မှု(Mutual Understanding) မရှိတာကို သွားတွေ့ရတယ်။ ကျွန်တော်က ငါကပဲ နားလည်ပေးနေရတယ်။ သူတို့က ပြန်နားမလည် ပေးကြဘူးလို့ စွပ်စွဲနေတာ မဟုတ်ပါဘူး။ အပြန်အလှန်ပွင့်လင်းမှု(Mutual Transparency) မရှိပါပဲနဲ့ ကျွန်တော်က သွားသွား ကလိတာလဲ ကျွန်တော့်အမှား တစ်ခုပါပဲ။

စကားလုံးကြီးကြီးတွေနဲ့ ပိမသွားပါနဲ့ဗျာ… အဲ့ဒီစကားလုံးတွေက စားဝတ်နေရေးလိုပဲ ဘဝအတွက် မရှိမဖြစ်ပါ။ လူမှုဝန်းကျင်အတွက် လူတွေနဲ့အတူ လက်တွဲအလုပ်လုပ်တဲ့ ကိစ္စတွေမှာ အဲ့တာတွေက အရမ်းအရေးကြီးပါတယ်။ အဲ့တာတွေကို ဘယ်လို တည်ဆောက်မလဲ။ ဆရာကြီးလုပ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်လက်ခံထားတဲ့ ခံယူချက်ကို ပြောပြချင်လို့ပါ။

အဲ့တာတွေကို တည်ဆောက်ဖို့အတွက်… ကျွန်တော်တို့မှာ ဒုတိယအမြင်ကို မြင်တတ်ဖို့၊ အဲ့ဒီအမြင်ကို လက်ခံတတ်ဖို့၊ လိုအပ်ပါတယ်။

ကိုယ်နဲ့ နောက်လူတစ်ယောက် ပဋိပက္ခဖြစ်လာပြီဆိုရင် (ကျွန်တော့်သဘောက) ကိုယ့်ရဲ့ အထင်အမြင်အယူအဆတွေ တစ်ဖက်လူ အတင်း လက်ခံလာအောင် မလုပ်ပါနဲ့။ အယူအဆ ဆန့်ကျင်နေလို့ကို သဘောထားချင်းမတိုက်ဆိုင်ကြတာ။ အတင်းလက်ခံခိုင်းလို့ကတော့ အလကားပဲ။ ကျွန်တော်လုပ်သင့်တာက သူဘာကြောင့် ဒီလိုအယူအဆတွေ တင်ပြနေတာလဲ။ သေချာမေးရပါမယ်။ သူလည်း သူမှန်တယ်ထင်လို့ ပြောနေတာပဲ ဖြစ်မှာပါ။ သူက ဘာကြောင့် မှန်တယ်ထင်တာလဲ။ ကိုယ်နဲ့ ဘာတွေ ကွဲလွဲနေတာလဲ။ *သေချာ အလယ်အလတ်ကျကျ၊ ဓမ္မဓိဌာန်မှန်မှန် သုံးသပ်ရပါမယ်။* အဲ့ဒီလို သုံးသပ်ပြီးတဲ့ အချိန်မှာ တစ်ဖက်လူအမြင်ကို လက်ခံလို့ ရလာတာမျိုးဖြစ်တတ်ပါတယ်။ အဲ့တာ “ဒုတိယအမြင်” ကို လက်ခံခြင်းပါ။

ဒါမှမဟုတ် အဲ့ဒီလို သုံးသပ်ပြီးမှ ကိုယ့်အမြင်က ပိုယုတ္တိရှိတယ်။ ပိုသဘာဝကျတယ်။ ပိုဖြစ်သင့်တယ် ဆိုရင်တော့… ကိုယ့်အမြင်ကိုု ကိုယ်ဘာကြောင့် ဒီလိုတွေးရတယ်။ ဆိုတာကို အေးအေးဆေးဆေး ရှင်းပြပြီး ကိုယ့်အမြင်ရဲ့ အားသာချက်တွေ၊ လူအများလက်ခံမှုတွေကို ချပြပါ။ အဲ့ဒီလို ပြောပြီး တစ်ဖက်လူရဲ့ အတွေးမှာ ရှိနေတဲ့ အားနည်းချက်တွေ၊ မဖြစ်နိင်မှုတွေကိုု စောင်းပါးရိပ်ချေ ထောက်ပြပါ။ မင်းမှားတယ် လို့ တိုက်ရိုက်ကြီး ပြောတာမျိုးထက် အများကြီး အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။ အဲ့တာက “ဒုတိယအမြင်” ကို သူ မြင်သာအောင် ဖန်တီးပေးတာပါ။

ဒီလိုလုပ်တာဟာ … ပညာတတ်ဆန်ဆန်၊ လူကြီးလူကောင်းပီပီ ပြဿနာတစ်ခုကို နှစ်ဦးသဘောတူ ဆွေးနွေးတဲ့သဘောလို့ပဲ ထင်ပါတယ်။ ကိုယ်အလျှော့ပေးဖို့လဲ ဝင်မလေးသင့်ပါဘူး။ တစ်ဖက်လူအမြင်က မှန်ကန်နေတယ်လို့ ထင်ရင်တော့ လက်ခံသုံးစွဲဖို့အတွက် ဆုံးဖြတ်ထားပြီးသား ဖြစ်ရပါမယ်။

၁၉ နှစ်ကျော်ကျော် (ခပ်အူအူ) ယောကျာ်းလေးတစ်ယောက်ရဲ့ တောင်တွေးမြောက်တွေး အိုင်ဒီယာများသာ ဖြစ်ပါကြောင်း။

ဒါပေမယ့်လည်း ဒီအယူအဆတွေကို နည်းနည်းလက်ခံနိုင်တယ်ဆိုရင် ဒုတိယအမြင် နဲ့ နားလည်မှု (၂) ကို ဆက်ဖတ်ပေးပါလို့ တောင်းဆိုပါရစေခင်ဗျာ။