SP Myanmar Traditional Show ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းကပွဲကြီးတော့ ပြီးသွားပါပြီ။ ပုံတွေတော့ မနက်ဖြန်လောက်မှ လက်ထဲရောက်မယ်.. ထင်တယ်။ အကတွေတော့ တော်တော်များပါတယ်။ မြန်မာစံတော်ချိန် မင်သားအက၊ ရခိုင်ရိုးရာ ဆီမီးခွက်အက၊ ကရင်ဒုံးယိမ်း စသဖြင့် စသဖြင့် ပေါ့နော်။ (ပြဇာတ် နဲ့ အငြိမ့်လည်း မဖြစ်မနေ ပါပါတယ်။)

ကျွန်တော်တို့ အားလုံးရဲ့ ဝိုင်းဝန်းအားထုတ်မှုပါ။ စီစဉ်သူ၊ အားဖြည့်ကူညီသူ၊ အကသမားတွေနဲ့ လာအားပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

ဒါပေမယ့်လည်းပေါ့လေ… သင်္ကြန်ပွဲရယ်လို့တောင် နာမည်မတတ်ထားတဲ့ မြန်မာရိုးရာ ယဉ်ကျေးမှု ပြပွဲမှာ မြန်မာတချို့ရဲ့ ပွဲကြည့်နေရင်း ဝေဖန်ထောက်ပြနေပုံ (ရှင်းရှင်းပြောရရင်တော့ လှောင်ခြင်းပေါ့ဗျာ) ကတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို စိန်ခေါ်နေသလိုပါပဲ။ လှောင်စရာ ဘာပါလဲ ဆိုတာ ကျွန်တော်ဖြင့် စဉ်းစားလို့ မရဘူး။ အကမညီလို့လား… မညီရုံနဲ့ လှောင်မယ်ဆိုရင်တော့ လှောင်ပေါ့။ လူပဲ… ကိုယ့်သမိုင်းကိုယ်ရေးကြတာချည်းပဲ။ လူကြီးလူကောင်း ဆန်ဆန် “ညီရေ… မင်းတို့ အကလေးတွေ နည်းနည်းတော့ လိုတယ်ကွာ” ဆိုရင် ကျွန်တော်တို့ ကျေးဇူးအရမ်းတင်မှာပဲ။

အခုတော့…. မဟုတ်ပါဘူး။ လိုက်ကာဖွင့် ပထမဆုံးအက ဆီမီးခွက် မစခင်မှာတင် ဟေလားဝါးလားနဲ့ စလုပ်တော့… တော်တော် စဉ်းစားရကြပ်သွားတယ်… ပွဲလာကြည့်တာလား ပွဲလာဖျက်တာလားလို့…။ မဟုတ်ဘူးတော့ မငြင်းနဲ့နော်… ကိုယ့်လုပ်ခဲ့တာ ကိုယ်အသိဆုံးပဲ… (ကိုယ့်စိတ်ကိုယ် ပြန်ဆန်းစစ်ကြည့်စေချင်တယ်…။)

“အကမညီပဲနဲ့တော့ ပွဲမလုပ်နဲ့”ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲ ပြန်တုံ့ပြန်ပါရစေ… “လာမကြည့်ချင် လာမကြည့်နဲ့” ဘယ်သူမှ အတင်းမခေါ်ဘူး။ Pro တွေ စင်ပေါ်တင်ကနေတာ မဟုတ်ဘူး။ မြန်မာကျောင်းသား၊ ကျောင်းသူလေးတွေ “မြန်မာ” ဆိုတဲ့ ကိုယ့်လူမျိုး ကိုယ့်ဇာတိကို ကြိုးစားပြီး ကိုယ်စားပြုပေးနေကြတာ ဂုဏ်ယူဖို့ကောင်းတယ်။ ကိုယ့်ကျောင်းက ကလို့ ပြောတာ မဟုတ်ဘူး။ သူများ ကျောင်းတွေဆိုလည်း ကျွန်တော် အကတစ်ခုပြီးတိုင်း လက်ခုပ်တီးတယ်။ (ဘာလို့လဲဆို ကျွန်တော်နားလည်ပေးလို့ရတယ်… အကတစ်ခုကို စင်ပေါ်တင်တယ်ဆိုတာ ဘယ်လောက်ခက်တယ်ဆိုတာ…။ အကတစ်ဖွဲ့လုံး ယဉ်ကျေးမှုကျောင်းဆင်းမှ မဖြစ်နိုင်တာ)… ဘယ်ကျောင်းမဆိုပါ…။ ပွဲစီစဉ်တဲ့ Organizer တွေရော၊ စင်ပေါ်တက်ပြီး ပရိသတ်ကို ဧည့်ခံပေးတဲ့ Performer တွေကိုပါ… လေးစားတယ်… ဂုဏ်လည်း ယူတယ်…။ စင်ပေါ်တက်ဖို့အတွက် အားလုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားတာချည်းပဲ။ ပရိသတ်ကို အကောင်းဆုံး ပေးချင်တဲ့ သူချည်းပဲ။ ဘယ်သူကမှ ဖြစ်သလို လုပ်လိုက်မယ်ဆိုတဲ့ စိတ် ထားမှာ မဟုတ်ဘူး… ထားရဲမှာလည်း မဟုတ်ဘူး။ ဘာလို့ဆို ဒီလိုပွဲတွေဟာ ကျောင်းသိက္ခာပဲလေ…

ဒါပေမယ့်လည်း ကျွန်တော်တို့ကျောင်းကို လာဒုက္ခပေးတဲ့ ထိုပုဂ္ဂိုလ်တစ်ချို့တွေကိုတော့ ကျွန်တော် အရမ်းမေးချင်ပါတယ်… ဘာလို့ အသံအဲ့လောက် ထွက်ချင်နေတာလဲ… လို့… ရှေ့ဆုံးတန်းမှာ မြန်မာမဟုတ်တဲ့ ကျောင်းပေါင်းစုံက Lecturer တွေနဲ့ အထူးဧည့်သည်တွေ ရှိနေပါတယ်… (ဘယ်ကျောင်းမှာ မဆို အမြဲတမ်း ရှိနေတတ်ပါတယ်။) သူတို့ကတော့ တွေးကောင်းတွေးပါလိမ့်မယ်… မြန်မာဆိုတာဟာ Civilization ခပ်နိမ့်နိမ့် လူ့အဖွဲ့အစည်းလို့။

နိုင်ငံခြားသားတစ်ယောက်ဆီ အဲ့လို အတွေးဝင်သွားမှာ အဲ့ဒီ အော်လံလေးတွေ မကြောက်ဘူးလားလို့ မေးချင်တယ်… မင်းက သူများ အော်တာပဲ ပြောနေတယ်… မင်း တစ်ခါမှ မအော်ဘူးလား… အော်ဖူးပါတယ်… တစ်ခေါက်ပါ… ပြောပြပါရစေ…

တခြားကျောင်းသင်္ကြန်ပွဲ တစ်ခုပါ။ အငြိမ့်ပြနေတုန်းပေါ့…. လူရွှင်တော်ပြောလိုက်တဲ့ စကားပါ။ (ဟာသပျက်တာ မဟုတ်ဘူး ထင်ပါတယ်… ဘာလို့ဆို သူပြောလိ်ုက်တာ ဟာသမှ မဟုတ်တာ…) သူပြောလိုက်တာက….

“မင်းသမီးကို ပိုင်ချင်ရင် ငါ စင်နောက်ခေါ်သွားမှာပေါ့” တဲ့။

သူပြောသွားတာ “ပိုင်” ဆိုတဲ့ စကားလုံးထက် ဘန်းစကားပိုဆန်တဲ့ ခပ်ရိုင်းရိုင်း စကားလုံးတစ်လုံးပါ…. (ကျွန်တော် ရေးပြချင်စိတ် မရှိပါ။) စဉ်းစားကြည့်ပါ။ ကိုယ်နဲ့ အတူ စင်ပေါ်မှာ ဖျော်ဖြေနေတဲ့ ကိုယ့်အစ်မ၊ ကိုယ့်နှမလို မြန်မာမိန်းကလေးတစ်ယောက်ကို စင်ပေါ်တင်ပြီး စော်ကားလိုက်တာလို့ပဲ ကျွန်တော်မြင်ပါတယ်… အငြိမ့်မင်းသမီးတော့ ဘယ်လို နေလဲ မသိဘူး… ကျွန်တော်တော့ ဖြန်းကနဲ ဖြစ်သွားပါတယ်…. ဘယ့်နှယ်ဗျာ… သားနဲ့ အမိ အတူထိုင်ကြည့်လို့မှ ကြားလို့ မသင့်တော်တဲ့ စကား….

ကျွန်တော်.. “တောက်” တချက် ခေါက်မိပြီး “ရိုင်းလိုက်တာကွာ” လို့ ပါးစပ်ကထွက်သွားပါတယ်… ကျွန်တော် ပုံမှန်စကားပြောနေကျထက်တော့ အများကြီးပိုကျယ်ပါတယ်… ဒါပေမယ့်လည်း ပွဲပျက်ရအောင်… တရည်တရွယ် ပြောတာမျိုးတော့ မဟုတ်ပါဘူး… ပါးစပ်ကကို လွှတ်ကနဲ ထွက်သွားတာပါ… ကျွန်တော် အဲ့ဒီလို ပြောလိုက်မိတာကို… ကြားပြီး ကျွန်တော့်ရှေ့ထိုင်နေတဲ့ သူတို့ကျောင်းခံ ဧည့်ကြိုမိန်းကလေးခင်ဗျာ… ခေါင်းလေးငုံ့သွားရှာတယ်… (ကျောင်း သိက္ခာ ကျတာပေါ့ဗျာ…) ပြောတဲ့လူလည်း နောင်တလေးလောက်တော့ ရစေချင်ပါတယ်… =(

ဒါပေမယ့်လည်း ကျွန်တော် အဲ့လိုပြောခဲ့(အော်ခဲ့) မိတဲ့စကားကြောင့် ဆိုးကျိုးတစ်စုံတစ်ရာ ရှိခဲ့မယ်ဆိုရင်တော့ ကျွန်တော်လည်း သိပ်အဆင့်ရှိတဲ့ ကောင် မဟုတ်တော့ပါဘူး… (ပွဲထဲမှာ အပျက်သဘော လျှောက်အော်တာကိုး…. )

ကျွန်တော်ပြောတဲ့ “အော်တယ်”ဆိုတဲ့အထဲမှာ လေချွန်တာ… တခြားသော ခပ်ဆူဆူနဲ့ Vibrant ပုံစံအားပေးတာတွေ မပါပါဘူး။ လှောင်တာက လှောင်တာ အရှင်းပါပဲ….

ကဲ… ထားတော့ Post လည်း ရှည်နေပြီ။ ဒီလောက်ဆို ဒီစာဖတ်နေသူတွေလည်း ကျွန်တော်တို့ ကျောင်းကို ရောက်လာတဲ့ ဧည့်သည်သန့်သန့်ထဲမှာ ဘယ်လို အရောအနှောတွေ ပါသွားလဲဆိုတာ သဘောပေါက်လောက်ပါပြီ။ ဒီစာကို ဦးတည်ချက်မဲ့ရေးတာ မဟုတ်လို့ ကာယကံရှင်တွေ ဆင်ခြင်နိုင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်…

(မှတ်ချက်။ ။ကျောင်းကပွဲ ဖြစ်တဲ့ အဆင်မပြေမှုတွေ၊ စိတ်ကသိကအောင့် ဖြစ်ခဲ့ရမှုတွေကို အပြုသဘောထောက်ပြတာပဲ ဖြစ်စေ၊ ဒေါသနဲ့ ဝေဖန်တာပဲဖြစ်စေ သိချင်ကြားချင်ပါသေးတယ် ခင်ဗျာ… Feedback များအတွက် ကျေးဇူးတင်ပါတယ်…)

လိပ်ပြာလုံစွာဖြင့်
မောင်သန့်ဇင်

လူတိုင်း စိတ်၏ ချမ်းသာ ရပါစေ။=)