ကျွန်တော်နဲ့ တော်တော်ခင်တဲ့ အစ်မကြီးတစ်ယောက်ကို… မေးခွန်းတစ်ခု မေးဖြစ်ပါတယ်။ “ရည်းစားထားတာ ကောင်းလား၊ မကောင်းဘူးလား။” ဆိုတဲ့မေးခွန်းပါ။ သူဖြေသွားတာလေး ကောင်းပါတယ်။ ဖတ်ကြည့်ပါဦး။ (ဒီစာကို သူ့ခွင့်ပြုချက်နဲ့ ဘာသာပြန်ပါတယ်။)

အင်း… နင်မေးတဲ့ မေးခွန်းက အရမ်း General ကျလွန်းတော့ ငါလည်း General ကျကျပဲ ဖြေမယ်။ ရည်းစားထားတာကို ကောင်းတယ်၊ မကောင်းဘူး ပြောလို့မရဘူး။ ကောင်းတယ်ဆိုတာက တစ်ဖက်ကကြည့်ရင် အခြေအနေတစ်ခုကို အတူတူ တိုင်တိုင်ပင်ပင် ဖေးဖေးမမ ညှိနှိုင်းပြီး ရှင်းလို့ရတယ်။ ဥပမာဆိုရင်… ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ ကိစ္စမျိုးတွေမှာဆို နင်နဲ့ အရမ်းနီးကပ်နေတဲ့ သူငယ်ချင်းတွေကိုတောင် မတိုင်ပင်တာမျိုး နင်တိုင်ပင်လို့ ရတယ်။ နှစ်ကိုယ်တစ်စိတ် ဆိုတာမျိုးပေါ့ဟာ။ ဒါပေမယ့် သေသေချာချာ ပြန်စဉ်းစားကြည့်တော့ အရမ်းကြီး မကောင်းပြန်ဘူး။ ဘာလို့ဆို… နင်တို့ရဲ့ တစ်ကိုယ်ရေဘဝကို အပြန်အလှန် မျှဝေနေကြတာကိုး။

နောက်ပြီး အချိန်တော်တော်များများ၊ နင့်မှာ သူနဲ့ ပတ်သက်တဲ့အတွေးတွေ စိုးမိုးနေပြီး သူ့နဲ့ ချိန်းတွေ့ စကားတွေပြော… ပြီး အချိန်တွေ အများကြီး ပေးဆပ်ရမှာမို့… နင်ရဲ့ သူငယ်ချင်းတွေနဲ့တော့ နင် အချိန်သိပ်ဖြုန်းလို့ ရမှာမဟုတ်ဘူး။ အယ်.. တစ်ဖက်ကပြန်ပြောရင် ရည်းစားတစ်ယောက်ရှိရင်… ဘယ်တော့မှ အထီးကျန်တာမျိုး မခံစားရသလို… ဘက်ပဲ့နေတာမျိုးလည်း ရှိမှာမဟုတ်ဘူး။

နင်ဟာ သူ့ရဲ့ ယုံကြည်ရတဲ့သူ တစ်ယောက်ဖြစ်လာပြီး သူဟာလည်းပဲ နင့်ရဲ့ ယုံကြည်ရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာလိမ့်မယ်… နင်တို့ နှစ်ယောက်ရဲ့ သီးခြား ကမ္ဘာလေးပေါ့။ ငါပြောသလိုပါပဲ.. အကောင်းရော၊ အဆိုးရော ဒွန်တွဲနေတာပါ…

နင်သူ့ကို.. ယုံကြည်သလောက် နင့်ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများကို နင်သူနဲ့ မျှဝေနိုင်တော့ ကောင်းတာပေါ့ဟယ်။ ဒါပေမယ့် ဘဝဆိုတာမျိုးက အမြဲတမ်း ဖဲမွေ့ယာ ရွှေကော်ဇောတော့ မဟုတ်ဘူးလေ။ နင့်ကို သူတစ်ခါတစ်လေ စိတ်ဆိုး၊ စိတ်ကောက်လိမ့်မယ်။ တစ်ခါတစ်လေကျတော့လည်း နင်တို့ ပြဿနာ အကြီးအကျယ် တက်ကြလိမ့်မယ်။ အဲ့ဒီအခါမှာ အဆိုးဝါးဆုံးက နင့်ဘဝရဲ့ တခြားထောင့်ချိုးတွေကိုပါ ရိုက်ခတ်သွားလိမ့်မယ်… ကျောင်းသားတစ်ယောက်အတွက် စာမှာ ထိခိုက်သွားနိုင်တယ်။

နင်ဘက်က တောင့်တမှုတွေ သိပ်များနေရင်တော့ မကောင်းဘူးနော်… နင်တို့ရဲ့ ရည်းစားသက်တမ်းမှာ… နင် အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှုတွေ တည်ဆောက်ရမယ်။ နောက်ဆုံး ငါကိုယ်တိုင် ခံစားနားလည်လိုက်ရတာက… စချစ်သွားဖို့ လုံးဝမခက်ပေမယ့် ဆက်ချစ်သွားဖို့ကတော့ ခက်တယ်.. ငါ့မောင်။ အဲ့ဒီတော့… နင် ရည်းစားတစ်ယောက် ထားမယ်ဆိုရင်… နင့်ကိုနင် ပြန်မေး… နင် တကယ်ကို… ဒီနှောင်ကြိုးရဲ့ အဆုံးသတ်ဖြစ်တဲ့ အိမ်ထောင်ပြုခြင်းဆိုတဲ့ ပန်းတိုင်ကို သွားဖို့ တကယ် စိတ်ရောကိုယ်ပါ တာဝန်ယူချင်ရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။

နင်အနေနဲ့ ကြိုးစားကြည့်မယ်လို့ ပြောမယ်.. ဆိုရင်လည်း.. လက်ခံရမှာပါပဲ… အေးပေါ့လေ… စမ်းမှ မကြည့်ရင် နင်လည်း ဘယ်လိုမှ မသိနိုင်ဘူးကို… အချစ်က ဆန်းကြယ်ပါတယ်ဟာ.. တခြားဟာတွေနဲ့ကို မတူဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း အချစ်ကိုမြင်ပုံချင်း ကွဲပြားကြတယ်….

နင် နှလုံးသားနဲ့ ချစ်လို့ရတယ်… အေး.. ဒါပေမယ့် ဒီအချစ်ကို ရေရှည်ခိုင်မြဲအောင် လုပ်နိုင်ဖို့က နှလုံးသားနဲ့ တင်မရတော့ဘူး။ ဦးနှောက်ပါလိုတယ်… နှလုံးသားနောက် စိတ်ခံစားချက်နောက်ကိုပဲ လိုက်တာမျိုး မလုပ်ပါနဲ့။ ရင်ခုန်လာလို့… ချစ်တယ်လို့ ပြောချင်ရင်… ဦးနှောက်ကိုလည်း ဆုံးဖြတ်ခိုင်းပါ။

ငါယုံပါတယ်.. နင် သိလာပါလိမ့်မယ်… (ငါက စိတ်ခံစားချက်ကို လျစ်လျူရှုခိုင်းနေတာ မဟုတ်ဘူးနော်။ နှလုံးသားက ခံစားတိုင်း ဦးနှောက်ကိုလည်း ထိန်းသိမ်းခိုင်းတာ။)

ငါဖြေချင်တာတွေတော့ ဖြေထားတယ်။ မေးခွန်းနဲ့လွဲနေရင်တော့ Sorry ပါ။ နင်ဆန္ဒရှိရင် ငါနဲ့ ဆက်ဆွေးနွေးနိုင်ပါသေးတယ်

တဲ့။ အစ်မရေ… ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ဖတ်ပြီး ဆင်ခြင်နိုင်ကြပါစေ။ (စကားမစပ်… ဒီအစ်မကြီးမှာလည်း နှောင်ကြိုးလေးတစ်မျှင် ရှိနေပါကြောင်း… :P)

လူတိုင်း စိတ်၏ ချမ်းသာ ရကြပါစေ။
mgthantzin

(ဒီစာကို အဲ့ဒီအစ်မပြောတဲ့ အတိုင်းပဲ… ဖတ်ရ အဆင်ပြေအောင် ဘာသာပြန်ပါတယ်။ သူက English လို ပြောသွားတာပါ။ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြောဆိုခြင်း မရှိပါ။)