ဒီအကြောင်းကို Singapore က အစ်ကိုတစ်ယောက် ကပဲ ထင်တယ်။ သူ့ Blog မှာ အရင် ရေးဖူးသေးတယ်။ အခု ကျွန်တော်က ထပ်ပြောပြန်ပြီဆိုတော့… =)

အဲ့ဒီအစ်ကို ဘာရေးထားလဲတော့ သေချာ မမှတ်မိတော့ပါဘူး။ ကျွန်တော် ဟိုတလောက နေမကောင်းဖြစ်တော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်ထဲ တောင်တွေး၊ မြောက်တွေး စဉ်းစားမိတာလေးတွေ ချရေးမလို့ပါ။

ဘာလို့ ဒီယဉ်ကျေးမှုက မြန်မာ့အသိုင်းအဝိုင်းထဲ စိမ့်ဝင်လာရတာလဲ။ မြန်မာ မိန်းကလေးတွေက သိပ် လိုက်လျောချင် နေကြတာလား။ အားလုံးကတော့ အဲ့လောက် လွယ်လွယ်လိုက်လျော နေကြမယ် မထင်ပါဘူး။

ဘာလို့ မထင်တာလဲဆိုတော့… မြန်မာ့ဓလေ့ထုံးစံ ကြောင့်ပါပဲ။ စဉ်းစားကြည့်ပါ။ ဒီလိုနေတယ်ဆိုတာကို သိရင် မြန်မာပြည်က မိဘဆွေမျိုးအသိုင်းအဝိုင်းက ဘယ်လောက် အပြစ်တင်မလဲ။ ဒေါသထွက်မလဲ။ ပတ်ဝန်းကျင်က ဒီလို မိန်းကလေးမျိုးကို ဘယ်လို သတ်မှတ်မလဲ။

မြန်မာမိန်းကလေးသည် (မြန်မာမိန်းကလေး ဖြစ်သည့်အတွက်) ဒီလို အတူနေဖို့ ဆုံးဖြတ်ချက်မချခင် ပတ်ဝန်းကျင်က ဝေဖန်ကဲ့ရဲ့မယ့် ကိစ္စတွေကို အားလုံး ကြိုတွက်မှာပဲ။ ဒါတောင်မှ နောက်ဆုံး ဆုံးဖြတ်ချက်က ခေါင်းညိတ်ခြင်းဆိုတော့ ဘယ်လို “အရှိတရား” တွေက ထိုမိန်းကလေးအား ခေါင်းညိတ်စေသနည်း။
………………………
ကျွန်တော်သူငယ်ချင်း တစ်ယောက်က ပြောတဲ့ စကားပါ။

“ငါတို့ ကျောင်းပြီးလို့ အလုပ်လုပ်ရင် ငါးရက်ကနေ၊ ငါးရက်ခွဲနော်။ ငါနဲ့ ငါ့ကောင်မလေးနဲ့ အလုပ်လုပ်တဲ့ နေရာက ဝေးလို့ ဖြစ်စေ၊ ပြန်ရမယ့် အိမ်တွေက ဝေးလို့ ဖြစ်စေ၊ ငါတို့ကိုယ်တိုင်က ပင်ပန်းနေလို့ ဖြစ်စေ၊ အလုပ်လုပ်စရာ ကျန်နေလို့ ဖြစ်စေ၊ Overtime ကြောင့် ဖြစ်စေ၊ အလုပ်ပြီးတဲ့ ညနေပိုင်းတွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖြစ်တော့မှာ မဟုတ်ဘူး။ စောစောလည်း အိပ်ရဦးမယ်လေ… နောက်နေ့မနက် အလုပ်ထသွားရဦးမှာကိုး။

ကဲ အဲ့လိုနေလာလိ်ုက်တာ… (နှစ်ယောက်လုံး စနေနေ့ အလုပ်နေ့တစ်ပိုင်း မရှိကြလို့) သောကြာညနေလေးမှာ လည်ကြပတ်ကြတယ်ပေါ့ကွာ… ညည့်နက်သန်းခေါင်အထိပေါ့။ ငါလည်း ငါ့ကောင်မလေးကို အိမ်ပြန်ပို့ပေးပြီး ပြန်လာ။ ကိုယ်လည်း အိမ်ရောက်တာနဲ့ အိပ်ရာတန်းဝင်ပေါ့။ (ဒါနှစ်ယောက်လုံး စနေမနက် အလုပ်မရှိမှနော်။ တစ်ယောက် အလုပ်ရှိရင် တာ့တာ….)

မနက်အိပ်ရာထတော့ အစောဆုံး ၁၀ နာရီပေါ့။ Weekdays တွေ မနက်အစောကြီး ထထားရတာ။ ရေမိုးချိုး ထမင်းစားပြီးရင် မွန်းလွှဲပေါ့။ အဲ့ဒီမှာ ဘာလုပ်ရတာတွေ ရှိလာမလဲဆိုရင်… “ကိုယ်စိတ်ပျော်လို့ မဟုတ်ပေမယ့်” မဖြစ်မနေ လုပ်ရတာတွေ ရှိမယ်။ အဝတ်လျှော်၊ မီးပူတိုက်စရာရှိတာတွေ တိုက်၊ အိမ်သန့်ရှင်းရေးလုပ်၊ စာအုပ်စင်ဘာညာရှင်း၊ တခြား လူမှုရေးအရ တာဝန်ယူထားတဲ့ ကိစ္စမျိုးတွေ လိုက်လုပ်၊ ဥပမာ ရန်ကုန်က ဧည့်သည်တွေလာလို့ Sentosa လိုက်ပေးရတာမျိုးတို့၊ ရန်ကုန်က ပစ္စည်း Peninsula သွားယူတာတို့၊ ကိုယ်က Guarantor ဖြစ်လာမှာဆိုတော့ သူများကို ကူညီရတာမျိုးတွေ ရှိလာမယ်ကွာ.. မြို့ထဲခဏသွားရင်ကို ညနေစောင်းပြီ။ ပြန်လာလို့ ငါအခုနက ပြောတဲ့ အဝတ်လျှော်၊ မီးပူတိုက်လုပ်ရင် အချိန်က ဟိုလုပ်ဒီလုပ်နဲ့ ကုန်တာပါပဲကွာ… စနေနေ့ အလုပ်ရှိရင်တော့ ပိုဆိုးပေါ့… နားချင်တာနဲ့ လုပ်ရမယ့် ကိစ္စတွေနဲ့….

ကဲ တနင်္ဂနွေနေ့ကို ရောက်ပါပြီတဲ့။ ငါကိုယ်ပိုင်အချိန်လေး တကယ်လိုချင်ပါပြီကွာ။ ငါ အတ္တမကြီးဘူး ထင်တာပဲ။ တကယ်ပါ။ တစ်ယောက်ထဲ နားအေးပါးအေး ဆေးလိပ်လေး သောက်လို့၊ စာအုပ်လေး ဖတ်၊ ကိုယ်ချက်စားချင်တာလေး စား၊ ရုပ်ရှင်လေး ဘာလေး ကြည့်၊ အယ် ငါ့ကောင်မလေးနဲ့တော့ တွေ့ချင်သေးတယ်လေ။ အဲ့တော့ ညနေပိုင်း တဖျက်လေးတွေ့ (ဒါကလည်း သူကပူဆာရင်တော့ ညမိုုးချုပ်မှာပဲ။) စောစောတော့ ပြန်မှ ဖြစ်မယ်… တနင်္လာနေ့ ရုံးတက်ရဦးမယ်လေ။

အဲ့တော့ တစ်ပတ်မှာ ငါသူနဲ့တွေ့တဲ့အချိန်က ၅ နာရီလောက်ပေါ့ကွာ… တစ်လ နာရီ ၂၀ ဆိုမှတော့ ငါတို့ ချစ်သူဖြစ်ရတာလည်း သိပ်မကောင်းတော့ဘူး.. ကြာရင် စိတ်ကုန်လာကြတော့မယ်။ အဲ့တော့ ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်။ အတူတူနေလိုက်ကြပေါ့။ မျက်လုံးပြူးမသွားနဲ့ သူငယ်ချင်း။ ကိုယ့်ဟာကိုယ် ဖြူဖြူစင်စင် နေဖို့ပဲ လိုတယ်။ ဒါပေမယ့်လည်းကွာ…”

ဆိုပြီး သူလည်း စကားမစပ်တော့ပါဘူး။ တစ်ခုတော့ ရှိပါတယ်။ အဆိုတော်တွေ ဆေးစားသလိုပေါ့။ ဆိုရတာ ပိုကောင်းအောင်လို့ပါ။ မဟုတ်ရင် Mood သွင်း မရလို့ပါ။ လက်ခံတဲ့ လူကလည်း လက်ခံပါတယ်။ သဘောတရားချင်း တူသလိုပါပဲ။ လက်ညှိုး ငေါက်ငေါက်ထိုးပြီး ဒါတော့ လုံးဝ လက်မခံနိုင်ဘူးဆိုတာ ကိုတော့ တထစ် လျှော့ရတော့မယ် ထင်ပါတယ်။

ကျွန်တော် လူငယ်တစ်ယောက်မို့လို့ အားလုံးလက်ခံချင်အောင် ပြောနေတာ မဟုတ်ဘူး။ ကျွန်တော် ကိုယ်တိုင်လည်းပဲ အဲ့ဒီကိစ္စကို အားမပေးပါဘူး။ ဒါပေမယ့် ဝေဖန်တာမျိုးလည်း မလုပ်ပါဘူး။ တစ်ယောက်ယောက် ကများ တိုင်ပင်လာမယ် ဆိုရင် ကျွန်တော် “အားတော့ မပေးဘူး။ နားလည်ပေးလို့တော့ ရမယ်။” ဆိုတဲ့ အကြောင်းပဲ ပြောဖြစ်ပါလိမ့်မယ်။

စာဖတ်သူများအား လေးစားလျက်
mgthantzin