ရန်ကုန်မှာတုန်းက အဖေ့မိတ်ဆွေတစ်ယောက် သူ့ Laptop အဆင်မပြေလို့ ကျွန်တော် သွားကြည့်ပေးတယ်လေ။ ကြည့်ပြီး ပြန်လာတော့ (ပြင်လို့မရတော့လည်း ကြည့်ပြီး ပြန်လာရတာပေါ့လေ။) နေ့လည် ၁ နာရီကျော်နေပြီ။ အိမ်က ထွက်လာတာလည်း မနက် ၁၀နာရီခွဲလောက်က ဆိုတော့ စားချိန်တန်ပြီပေါ့။

ဒါနဲ့ အိမ်မပြန်ခင် လမ်းမှာ မုန့်ဝယ်စားမယ်ဆိုပြီး မကြီးမသေး လမ်းဘေးမုန့်ဆိုင်လေးရှေ့ ရပ်လိုက်တယ်။ အိမ်ပြန်ရောက်ရင်လည်း ထမင်းစားရမှာဆိုတော့ သိပ်အများကြီးလည်း မစားချင်တာနဲ့ အာလူးကြော် အထုပ်ခပ်သေးသေးလေးကို ဆွဲဖြုတ်လိုက်တယ်။ နောက်ပြီး ဈေးရောင်းသူကို ဘယ်လောက်လဲ ဆိုတော့

အမျိုးသမီး။ ။ (လေသံခပ်ပြတ်ပြတ်ဖြင့်) “၁၀ဝ။ ၁၀ဝ တန်ပဲ ပေးပါ။”

ကိုယ့်အိတ်ထဲကြည့်တော့ ၁၀ဝ၀ တန်တွေကြီးပဲ။ ၅၀ဝ တန်တောင် မရှိဘူး။ အင်း… ခက်ပြီ။

ကျွန်တော်။ ။ “ကျွန်တော့်မှာ ၁၀ဝ တန် မရှိလို့”
အမျိုးသမီး။ ။ “၂၀ဝ တန် ပေး”

ကျွန်တော်လည်း အိတ်ကို သူ့ဘက်ကို ပြလိုက်တယ်။

ကျွန်တော်။ ။ “ကျွန်တော့်မှာ တကယ်မရှိလို့ပါ။”
အမျိုးသမီး။ ။ “အစောကြီးထဲက ဘာလို့ မမေးမစမ်းပဲ ဖြုတ်ရတာလဲ။” (ဈေးသည်တစ်ယောက်အနေနဲ့ ဆိုရင်တော့ အတော်ရင့်သီးတဲ့ စကားပါ။)

ကျွန်တော်။ ။ “ကျွန်တော် ဘာလုပ်ပေးရမလဲ။”
အမျိုးသမီး။ ။ “တစ်ရာတန် ရအောင်ရှာ။”

ကျွန်တော် အဲ့ဒီအာလူးကြော်ထုပ်ကို သကြားလုံးဘူးလေးတစ်ခုပေါ် တင်ထားပြီး လှည့်ထွက်လာခဲ့ပါတော့တယ်။ ဒါတောင် အဲ့ဒီအမျိုးသမီးက ဘာတွေ ဆက်ပြောနေမှန်းမသိပါဘူးဗျာ။ ကျွန်တော် စိတ်တော်တော် ပျက်သွားမိတယ်။