ခင်စောနွယ်ကို စိတ်ဝင်စား နေမိသလားဟု သူ့ကိုယ်သူ မယုံသင်္ကာစိတ်ဖြင့် ဆန်းစစ်ကြည့်သည်။ ခင်စောနွယ်က သိပ်လှသည်လည်း မဟုတ်။ ကိုယ်လုံးလေး ကျစ်ကျစ်လျစ်လျစ် ရှိတာကလွဲလျှင် သာမန် သူလိုငါလိုသာ ဖြစ်၏။ စာတော်ခြင်း၊ ထက်မြက်ခြင်းတို့ကို သဘောကျမိတာလား၊ အချစ်ဆိုတာ ရင်ခုန်ခြင်းက စသည်ဟု ကြားဖူးသည်။ ခင်စောနွယ်နှင့် တွေ့သည့်အခါ ရင်ခုန်ခဲ့မိဖူးသလား၊ အမှတ်တမဲ့မို့ သတိမထားမိချေ။ နောက်လိုက် ပြောင်လိုက်သာ နေခဲ့သည်။ တစ်ခု ကျိန်းသေတာက ခင်စောနွယ်နှင့် စကားပြောလျှင် ပျော်သည်။ သူနှင့် တွေ့ချင်သည့်စိတ် မကြာခဏ ဖြစ်ပေါ်သည်။

အကြင်သူတစ်ယောက်ကို မကြာခဏတွေ့ချင်ပြီး ထိုသူနှင့် တွေ့ဆုံစကားပြောရသည့်အခါ ပျှော်ရွှင်ခြင်းကို အချစ်ခေါ်သလား။ ဒါဆို သောင်းမော်ကိုလည်း ခဏခဏတွေ့ချင်ပြီး ဒီကောင်နှင့် စကားပြောရတာ ပျော်ခြင်းကို ဘယ်လိုလုပ်မလဲ။ သူငယ်ချင်း၊ ခင်စောနွယ်ကို သူငယ်ချင်းလို ချစ်တာပဲ ဖြစ်မှာပါဟု ဆုံးဖြတ်လိုက်သည်။

– မင်းလူ ရေးသည့် ရင်ခုန်သူများ မှ