လူအများစုလိုပဲ၊ ကျနော်တို့ဟာ (ကိုယ်ပဲ စိတ်ဝင်စားတဲ့) အကြောင်းအရာ အသေးအဖွဲ လေးတွေကို တခြားလူတွေနဲ့ ပြောချင်ကြတဲ့ သဘာဝရှိပါတယ်။ ဒါပေမယ့် လူတိုင်းက စိတ်ဝင်စားတာ မဟုတ်တော့ ကိုယ်ပြောတဲ့ အကြောင်းအရာကို ခဏကြာရင် ငြီးငွေ့လာမှာပဲ။ လှည့်မထွက်သွားရုံ၊ ပြောနေတဲ့ အကြောင်းအရာကို အတင်းပြောင်းဖို့ မကြိုးစားရုံနဲ့ ကိုယ်ပြောနေတဲ့ အကြောင်းအရာကို စိတ်ဝင်စားနေတယ်လို့ ယူဆဖို့ မဖြစ်နိုင်ပါဘူး။ လူမှုဆက်ဆံရေး ကျွမ်းကျင်တဲ့ လူတစ်ချို့ဆို သူတို့ ပျင်းလာ၊ ငြီးငွေ့လာတာကို ဖုံးကွယ်ထားနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ဒါဟာ ကိုယ့်ဘက်က ဆင်ခြင်သင့်တဲ့ ကိစ္စပါ။

လူတစ်ယောက် ကိုယ့်ကြောင့် ပျင်းနေပီဆိုတာကို သတိထားမိနိုင်တဲ့ အချက်လေးတစ်ချို့တော့ ရှိပါတယ်။ အဲ့တာလေးတွေကို သိထား၊ နားလည်ထားမယ်ဆိုရင် ကိုယ်ဘယ်အချိန် စကားပြောရပ်ရမလဲ သိနိုင်ပြီပေါ့။

၁။ ခွန်းထောက် စကားလုံး တစ်ခုပဲကို ထပ်ခါတလဲလဲ သုံးလာရင် – တချိန်လုံး “သြော်” “သြော်” နဲ့ လိုက်ထောက်ပေးနေတဲ့ အခါမျိုးပေါ့။

၂။ အင်မတန် ရိုးတဲ့ မေးခွန်းတွေ မေးလာရင် – “အဲ့တာ ဘယ်တုန်းက ဖြစ်တာလဲ” တို့… “မင်းဘယ်သွားတာလဲ” တို့လို အပေါ်ယံမေးခွန်းတွေ မေးလာရင်ပေါ့။ တကယ်စိတ်ဝင်စားရင် ပိုပြီးလေးနက်တဲ့ တိတိကျကျနိုင်တဲ့ မေးခွန်းတွေ မေးတတ်ကြတယ်။

၃။ စကားဖြတ်ပြောလာရင် – စကားဖြတ်ပြောတာက နှစ်မျိုး ရှိပါတယ်။ တစ်ခုက စိတ်ဝင်စားလွန်းလို့ ရုတ်တရက် ကောက်မေးမိတာ။ ဒုတိယတစ်ခုကတော့ စိတ်မဝင်စားလို့ မင်းဘာပြောပြောကွာ… ဆိုတဲ့ အနေနဲ့ မေးတာ။

၄။ စိတ်ဝင်စားလို့ အသေးစိတ်မေးခွန်းတွေ မေးလာရင် – ကျတော့ ဒါဟာ စိတ်ဝင်စားမှုကို ပြတာ။ “အဲ့တာ ဘက်ရက်ပိုင်းလောက်က ဖြစ်သွားတာလဲ” ဆိုတာမျိုး၊ “ခင်ဗျားလုပ်လို့ အဆင်ပြေတယ်ဆို ကျနော့ကိုလည်း ပြန်ပြောပါဦး” ဆိုတာမျိုးက ကိုယ်ပြောတဲ့ စကားကို သေသေချာချာ လိုက်နားထောင်နေတုန်း ပဲ ဆိုတဲ့ သက်သေ။

၅။ လူနှစ်ယောက်ကြား ဘယ်လိုမှ မမျှတတဲ့ စကားပြောချိန် – လူတော်တော်များများက ကိုယ်ကချည်း ၈၀ ရာနှုန်းလောက် ပြောဖို့ ကြိုးစားကြတယ်။ ဘယ်လိုစကားဝိုင်းမှာ မဆို နားထောင်နေတဲ့လူမှာလဲ ဆွေးနွေးနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောစရာ အကြောင်းကိစ္စတွေ ရှိနေတယ်ဆိုတာ အမြဲလိုမှန်တဲ့ အချက်အလက်တစ်ခု ပါ။ သူတို့ရဲ့ ကိုယ်ပိုင် အမြင်၊ သတင်းအချက်အလက်၊ နဲ့ အတွေ့အကြုံ တွေကို စကားဝိုင်းထဲကို ဖြည့်စွက်ချင်ပါတယ်။ အဲ့လိုမှ ဝင်မပြောရရင်၊ သူတို့ စကားဝိုင်းကို မြန်မြန် လက်စသပ်စေချင်ကြလိမ့်မယ်။

၆။ ခန္ဓာကိုယ်အနေအထားအရ – ပြောမယ့်လူက နားထောင်မယ့် လူနဲ့ မျက်နှာချင်းဆိုင် ထိုင်တာဟာ စိတ်ဝင်စားမှုကို ပြတာပဲ။ (ခင်နေရင်တော့ အဆင်ပြေသလို ထိုင်တတ်ကြပါတယ်။ အဲ့တာကတော့ ပြဿနာမရှိပါဘူး။) ဒါပေမယ့် တစ်ဖက်လူက အရေးကြီးကိစ္စ ပြောနေရင်တော့ စာငုံ့ဖတ်နေတာမျိုး၊ အဝေးကိုငေးနေတာမျိုး၊ ဖုန်းသုံးတာမျိုး သိပ်မလုပ်အပ်ပါဘူး။

၇။ မှီနေလား – လူတစ်ယောက်က ပျင်းလာရင် နည်းနည်းလေး ကိုယ်ကို နောက်မှီတတ်ကြတယ်။ (အဓိကကတော့ အစည်းအဝေးတွေမှာပေါ့။ အပြင်မှာ သူငယ်ချင်းတွေနဲ့ တွေ့ရင်တော့ ဒါကို တထပ်တည်း အဓိပ္ပာယ်ကောက်လို့ မရနိုင်ပါဘူး။)

စကားအရာမှာ အောင်မြင်နိုင်ကြပါစေ။