နှစ်ပေါင်း ၂၀

နှစ် ၂၀ ဟာ
ဆိုနေကျ သီချင်းလေးတွေ
ဂန္တဝင် စာရင်းသွင်းခံရဖို့
လုံလောက်တဲ့ ကာလတစ်ခု ဆိုပါတော့…
အဲ့ဒီတုန်းက
ဒီမြို့လေးကို
သူငယ်ချင်းတစ်သိုက် အလှဆင်ဖို့ ကြံစည်ဖူးတယ်
ကြီးကြီးကျယ်ကျယ် ပေါ့။

သူတို့မြို့ကလေး
ရေစီးရေလာ ပိုကောင်းအောင်
လေကောင်းလေသန့် ပိုရအောင်
ပန်းကလေးတွေ ပိုပွင့်အောင်
ပိုလှလာအောင် တဲ့..

ဒီတော့
သူ့တို့ထက် နှစ် ၂၀ စောတဲ့
ဒီမြို့သားကြီး တစ်ဦးက ရယ်တယ်။
မင်းတို့ ဘာပြောပြော
မြို့ဟာ
မြို့သူမြို့သားတွေနဲ့ ထိုက်တဲ့ တန်တဲ့ အတိုင်းပဲ နေမှာ…
ရယ်ပြီး ပြောတယ်။ ပြောပြီး ငိုတယ်။
ပြီးတော့ ထွက်သွားတယ်…

သူတို့တွေ စိတ်ဆိုး ကျန်ခဲ့ရတယ်။
တချို့တွေက အိမ်ထောင်ရက်သားကျ
သားသမီးလူမှုဒုက္ခ အထွေထွေမှာ နစ်မွန်းရ
တချို့ကျ မူးယစ်ဆေးဝါးနဲ့ နွံနစ်ကြ
ဒီလိုနဲ့ပဲ နှစ် ၂၀ ကြာသွား
ဆိုနေကြ သီချင်းလေးတွေ
ဟောင်းသွားပြန်ပေါ့

ခုခေတ်ကလေးတွေက ကိုယ်တို့ သီချင်းတွေ နားမထောင်နိုင်
သူတို့ဆိုတဲ့ သီချင်းတွေကျ ကိုယ်တို့က နားမခံနိုင်
ဒါပေမယ့်
ဟစ်ဟော့နဲ့ ရက်ပ်သီချင်းတွေကို တွင်တွင်ဆိုရင်း
သူတို့ သီချင်းဟောင်းလေးတွေထဲက စာသားလေးတွေ
ကြားညှပ်ကြားညှပ်ဆိုကြပြန်
ကြားရတော့ လွမ်းရ၊ ဆွေးရ၊ မကျေမနပ်၊ မချင့်မရဲ ဖြစ်ရ
တချိန်ထဲမှာ ကြည်နူးရ၊ ပြန်ပြောင်းအောက်မေ့ စမြုံ့ပြန်ရ
အဲ့လူငယ်လေးတွေက မြို့ကလေး မလှလို့တဲ့
မြို့ကလေး လှဖို့ ပြောကြတယ်။
ဒီတော့လည်း ရယ်မိကြပြန်ပေါ့… မျက်ရည်တွေနဲ့။

နှစ် ၂၀ လုံးလုံး ကြုံတွေ့ဖြတ်သန်းခဲ့ရတာတွေကိုတော့ ဘာမှ ဇာချဲ့ပြီး ပြောမနေချင်တော့ပါဘူး သူငယ်ချင်းရာ…။

ဇော်ရဲဝင်း
(လွမ်းစိမ့် ရုပ်ရှင်ဇာတ်ကား မှ)

Comments

  1. Mr WordPress - June 15, 2013 @ 8:32 am

    Hi, this is a comment.
    To delete a comment, just log in and view the post's comments. There you will have the option to edit or delete them.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.