၂၀၂၀ ရွေးကောက်ပွဲ မှတ်စု

November 10, 2020

၁။ ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဖွဲ့ချုပ်) ရဲ့ ရလဒ်ဟာ စစ်တပ်ကြောင့် ရတာလို့ဆိုရင် သိပ်မှားမယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကြောင့်ပဲ အဖွဲ့ချုပ် မွေးဖွားလာပြီး စစ်တပ်ကပဲ နိုင်ငံရေးသိဒ္ဓိ ဆက်တိုက်တင်ပေးခဲ့လို့ ဒီနေ့မှာပြည်သူတွေရဲ့ တော်လှန်ရေးတပ်ဦး ဖြစ်နေခဲ့တာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်က သက်သေခံနေပါတယ်။

အကျယ်ပြောပါမယ်။ ၁၉၆၂ ကနေ ၁၉၈၈ အထိ ၂၆ နှစ်စာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (ဝါ) စစ်တပ် ရဲ့ ပြည်သူပိုင်သိမ်းခြင်း အပါအဝင် စီမံခန့်ခွဲမှုအလွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေပဲ အဖွဲ့ချုပ်ဖြစ်တည်လာခဲ့တာပါ။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အာဏာလွှဲပြောင်းမှုသာလုပ်ခဲ့ရင် ဆယ်စုနှစ် ၂ ခုကျော်အကြာ ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်မှာ အဖွဲ့ချုပ်ဟာ ထောက်ခံမှုအများအပြား ရှိနေဦးမှာဖြစ်ပေမယ့် ဒီနေ့တွေ့ရသလို တပ်ဦးဖြစ်နေဦးမယ်လို့ ဘယ်သူမှ ယတိပြတ်ပြောနိုင်မယ် မထင်ပါဘူး။ (အထူးသဖြင့် တိုင်းရင်းသားပါတီတွေအနေနဲ့လည်း မိမိတို့ဒေသမှာ အားကောင်းလာကြမှာကိုလည်း ထည့်တွက်ရပါမယ်။) ဒါပေမယ့် အာဏာမလွှဲပဲ နိုင်ငံရေးအရ အားနည်းသွားအောင် ဆောင်ရွက်ချက်ပေါင်းမြောက်မြားစွာကို ဆောင်ရွက်ခဲ့အပြီး ဆယ်စုနှစ် ၂ ခုအကြာမှာတော့.. အဖွဲ့ချုပ်ဟာ ပြိုလဲမသွားတဲ့အပြင် သမိုင်းမှတ်ကျောက်ကောင်းကောင်း တင်ထားပြီးသား နိုင်ငံရေးပါတီကြီးအဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်သွားတယ်။ ဒီနေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောစကားနဲ့ သဘောထားတွေကို နည်းနည်းလေ့လာကြည့်ရင်.. ၂ ချက်တွေ့ ရလိမ့်မယ်။

(က) "တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့ထဲက ဆုံးဖြတ်နေတာ မမှန်နိုင်ဘူး။" ဆိုတဲ့သဘောမျိုး အဖွဲ့ချုပ်အစိုးရနဲ့ အဖွဲ့ချုပ်လွှမ်းမိုးတဲ့ လွှတ်တော်ကို ရည်ညွှန်းပြောဆိုခဲ့တာတွေ ရှိတယ်။
(ခ) မဲပေးတဲ့အချိန်မှာ ဖြေခဲ့တာက "တပ်မတော်နဲ့ လက်တွဲလုပ်လို့ရမယ့် ပါတီ" ကိုပဲ မဲပေးခဲ့တယ် လို့ ဆိုတယ်။

အပေါ်က နှစ်ချက်အရ ဗိုလ်ချုပ်မှူးကြီးဟာ အဖွဲ့ချုပ်ကို မဲပေးခဲ့တယ်လို့ မယူဆနိုင်ဘူး။ တနည်းအားဖြင့် ဗိုလ်ချုပ်မှူးကြီးရဲ့ အကြံအစည်၊အတွေး၊စိတ်ကူးဟာ စစ်တပ်အပေါ်မှာ သက်ရောက်မှု သေချာပေါက်ရှိမှာမို့လို့ တပ်ဟာလည်း အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲရလဒ်အပေါ် အများကြီး ဘဝင်ကျမှာ မဟုတ်ပါဘူး။ (ဖတ်ရတာ ရယ်စရာ တစ်ခုဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အစွဲကင်းကင်းနဲ့ စွပ်စွဲချက်တွေ၊တွေးလုံးတွေ မပါပဲ သုံးသပ်ချင်လို့ပါ။) တဆက်တည်းမှာ.. အင်မတန်ကြိုဆိုရမယ့်ကိစ္စတစ်ခုကတော့ ဗိုလ်ချုပ်မှူးကြီးဟာ ရွေးကောက်ပွဲနေ့မှာပဲ “ပြည်သူရဲ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်ကို လက်ခံရမှာပါ” ဆိုတဲ့သဘော ပြောပါတယ်။ (တခြားနိုင်ငံတွေမှာတော့ ထူးထူးထွေထွေ ကြိုဆိုရမယ့်ကိစ္စမဟုတ်ပေမယ့် ကျနော်တို့နိုင်ငံအနေအထားအရတော့ ဒါဟာ ကြိုဆိုရမှာပါ။) ခက်နေတာတစ်ခုက စစ်တပ်က လက်တွဲလုပ်လို့ရမယ့် ပါတီနဲ့ ပြည်သူအများစုက ရွေးချယ်တဲ့ ပါတီ တထပ်တည်း မကျတဲ့အခါမှာ စစ်တပ်အနေနဲ့ (တနည်း ဗိုလ်ချုပ်မှူးကြီးအနေနဲ့) ဘာလုပ်မလဲကို ဆုံးဖြတ်ရပါတော့မယ်။ အရွေ့အပြောင်းတစ်ခုကို စစ်တပ်ကပဲ ဦးဆောင်ဖန်တီးဖို့တာဝန်ရှိပြီး စစ်တပ်အနေနဲ့ ပြည်သူကို “ဘာလုပ်ကြမှာလဲ” လို့ ပြန်မေးခွင့်မရှိ။ ပြည်သူရဲ့ ရပ်တည်မှုမှာ အရှေ့အနောက် ရွေ့တယ်မရှိပဲ.. အဲ့ဒီရပ်တည်မှုကပဲ ဒီတိုင်းပြည်ရဲ့သမိုင်း လို့ ဆိုရမှာပါ။

ဗိုလ်ချုပ်မှူးကြီးအနေနဲ့ လုပ်နိုင်တာတစ်ခုတော့ ရှိပါတယ်။ အဖွဲ့ချုပ်အပေါ် ပြည်သူ့ထောက်ခံမှုကို လျှော့ချဖို့ပါ။ အရင် ခေတ်ဟောင်းပုံစံတွေနဲ့ ပြန်သွားရင်တော့ ၇၅% တင်းပြည့်ကြပ်ပြည့် အဖွဲ့ချုပ်လွှတ်တော် ဖြစ်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ တကယ်က ပြည်သူ့ထောက်ခံမှုကို လျှော့ချဖို့က သိပ်ကြီးမခက်လှပါဘူး။ တပ်မတော်က ခြေတစ်လှမ်း တိတိပပ နောက်ဆုတ်ပေးလိုက်ရုံပါပဲ။ ၇၅% ကနေ ၈၀% အထိ ပြည်သူကို ရွေးချယ်ခွင့်ပေးလိုက်ရင်ကိုပဲ တခြားရွေးချယ်စရာကို ပြည်သူတွေက စရွေးကြတော့မှာပါ။ (အထူးသဖြင့် ပြည်နယ်တွေမှာ တိုင်းရင်းသားတွေဟာ တိုင်းရင်းသားပါတီကို ဦးစားပေးကြတော့မယ်လို့ ယူဆရပါတယ်။) စကားအကုန်ပြောရရင် အခုချက်ချင်းကြီး ၈၀% တိုးပေးလိုက်လို့ အဖွဲ့ချုပ်လွှမ်းမိုးတဲ့လွှတ်တော်မှာ တပ်အနေနဲ့ ထိန်းချုပ်မှုလျော့ရဲသွားမယ်လို့ ယူဆရင် ၂၀၂၂−၂၄ ဝန်းကျင်မှာမှ စပြီး ညှိနှိုင်းပြင်ဆင်မယ်ဆိုလည်း အဆင်ပြေလောက်ပါတယ်။

၂။ ပြည်ခိုင်ဖြိုးပါတီဟာ အတော်လေး ပုံရိပ်ကျဆင်းနေတာ ဒီရွေးကောက်ပွဲရလဒ်က သက်သေပါပဲ။ အတိုက်အခံကောင်းဖြစ်လာဖို့ အခွင့်အရေးဟာ ပိုပိုနည်းလာနေပြီး တစညပါတီလမ်းစဉ်ကို လိုက်မလိုဖြစ်နေပါတယ်။ မဲဆန္ဒနယ်တွေပိုပြီး ဆုံးရှုံးလိုက်ရပေမယ့် မဲပေးသူပြည်သူ ထုနဲ့ထည်နဲ့ ရှိနေသေးတာဟာ စိတ်ဝင်စားစရာ တကယ်ကောင်းပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အတိုက်အခံကောင်းမဖြစ်ပေမယ့် မဲတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်းရှိနေသေးတဲ့ ပါတီကြီးတစ်ခုအနေနဲ့တော့ ရပ်တည်နေဆဲပါ။ ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်သလဲဆိုတော့ ပါတီငယ်၊ ပါတီလတ်လေးတွေကို မှုစရာမလိုတဲ့အနေအထားအထိကို ရှိနေတုန်းပါပဲ။

၃။ ကူးပြောင်းမဲ (swing vote) တွေကိုပဲ အဓိကအားကိုးရတဲ့ ပါတီငယ်၊ ပါတီလတ်တွေဟာ မြန်မာ့နိုင်ငံရေးမှာ အတော်လေး လုပ်ရကိုင်ရ ကြပ်တည်းတာကို တွေ့ရမှာပါ။ သမိုင်းကြောင်း နှစ်သုံးဆယ် ရှိလာပြီဖြစ်တဲ့ အဖွဲ့ချုပ်လိုပါတီကိုလည်း ယှဉ်ပြိုင်ဖို့ခက်ခဲသလို ပြည်ခိုင်ဖြိုးပါတီလို ငွေကြေး၊လူအင်အား၊ဖြန့်ကျက်နိုင်စွမ်းအားကောင်းတဲ့ ပါတီကို ယှဉ်ဖို့မလွယ်ဖြစ်နေကြရပါတယ်။ လုပ်ကောင်းလုပ်နိုင်မှာ တခုကတော့ ကူးပြောင်းမဲတွေထဲမှာ ပါတီကြီး ၂ ခုရဲ့ ရရှိကူးပြောင်းမဲနဲ့ ဆုံးရှုံးကူးပြောင်းမဲတွေကို ဝေဖန်ဆန်းစစ်ပြီး ဘယ်ကူးပြောင်းမဲတွေကို ၂၀၂၅မှာ ချိန်ရွယ်မဲဆွယ်မလဲကို ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။ တဆက်စပ်တည်းပြောရရင် အဖွဲ့ချုပ်နဲ့ ပါတီအရောင်အသွေး၊ ဒီမိုကရက်တစ်သဘောတရား မကွာဟလှတဲ့ ပါတီသစ်တချို့တွေ မဲအရနည်းလွန်းတာကိုလည်း စိတ်မကောင်းဖြစ်မိတယ်။

သန့်ဇင်ဦး
၉ နိုဝင်ဘာလ ၂၀၂၀

← Back