ခေါင်းဆောင်မှု (၇)မျိုး

April 09, 2019

၁။ Authoritarian

ဒီခေါင်းဆောင်မျိုးက လူထုကို ဘာတွေလုပ်ပါ၊ ဘယ်လိုလုပ်ပါလို့ အမိန့်ပေးတတ်ပါတယ်။ ဆုံးဖြတ်စရာ ကိစ္စတွေကိုလည်း သူတစ်ဦးတည်း သဘောနဲ့ပဲ ဆုံးဖြတ်ပါတယ်။ လူထုက သူပြောတာ၊ သူဆုံးဖြတ်တာတွေကို လိုက်နာဆောင်ရွက်ရပါတယ်။ ဒီခေါင်းဆောင်မျိုးက သူ့လက်အောက် ဝန်ထမ်းတွေကိုလည်း မယုံကြည်ပါဘူး။ ပြီးတော့ တခြားသူတွေရဲ့ အယူအဆ သဘောထားတွေကို လည်း ဘယ်တော့မှ မေးလေ့ မရှိပါဘူး။

[ကောင်းကျိုး] အရေးပေါ်ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဆုံးဖြတ်ချက် မြန်မြန်ဆန်ဆန် ချမှတ်နိုင်ပါတယ်။

[ဆိုးကျိုး] ပြည်သူတွေမှာ မိမိတို့အတွက် မိမိတို့ဘာသာ တွေးခေါ်စဉ်းစားခွင့်၊ လေ့လာ ဆည်းပူး သင်ယူခွင့် ဆုံးရှုံးရပါတယ်။

၂။ Bureaucratic

ဒီခေါင်းဆောင်ကတော့ တစ်စုံတစ်ယောက်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း မူဝါဒတွေ အတိုင်းပဲ လုပ်ပါတယ်။ အကြောင်းကိစ္စ တစ်ခုအတွက် အဆင်သင့်ရေးဆွဲချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိမနေဘူးဆိုရင် သူတို့ရဲ့ အထက်ကလူ ဒါမှမဟုတ် သူတို့ထက် အရင် အုပ်ချုပ်သွားသူ ကို မေးမြန်းလေ့ ရှိပါတယ်။ ဒီခေါင်းဆောင်မျိုးက ရဲအရာရှိနဲ့ ပိုပြီး တူပါတယ်။ သူတို့က တခြားသူတွေကိုလည်း ချမှတ်ပြီးသား စည်းကမ်းကို တိတိကျကျ လိုက်နာအောင် ပြုမူလေ့ ရှိပါတယ်။

[ကောင်းကျိုး] ဒီလို ခေါင်းဆောင်မှုမျိုးကတော့ အန္တရာယ်ကင်းစွာ အလုပ်လုပ်လိုသူတွေအတွက် ကောင်းပါတယ်တဲ့။

[ဆိုးကျိုး] အသစ်အဆန်းတွေ တီထွင်ဖို့ ၊ ဖန်တီးပြုပြင်ဖို့ ခဲယဉ်းပါတယ်။ အရာရာဟာ ပြောင်းလဲဖို့ အချိန်အများကြီး ယူရပါတယ်။

၃။ Democratic

ဒီခေါင်းဆောင်က ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အားလုံးပါဝင် စဉ်းစား ဆုံးဖြတ်ခွင့်ကို ပေးပါတယ်။ လက်အောက်ငယ်သားတွေကို မိမိတို့ အဖွဲ့အစည်းရဲ့ အချက်အလက်တွေကို သိစေပါတယ်။ ပြီးတော့ ငယ်သားတွေ သိချင်တာ တတ်ချင်တာတွေရှိရင်လည်း သူ(ခေါင်းဆောင်) တတ်နိုင်သလောက် ကူညီပါတယ်။ လက်အောက်ငယ်သားတွေဟာ သူတို့ရဲ့ အောင်မြင်မှု ပန်းတိုင်ကို မိမိတို့ဘာသာ ဖန်တီးနိုင်တာကြောင့် အလုပ်ကို ပိုပြီး တန်ဖိုးထားတတ်လာပါတယ်

[ကောင်းကျိုး] လက်အောက်ငယ်သားတွေဟာ ပျော်ရွှင်ပြီး စိတ်အားတက်လာပါတယ်။ အလုပ်ကို ကောင်းသည်ထက်ကောင်းအောင် စဉ်းစားတွေးခေါ် လုပ်ကိုင်လာတတ်ပါတယ်။

[ဆိုးကျိုး] လူတိုင်းလူတိုင်း ပါဝင်ဆွေးနွေးတဲ့အတွက် ဆုံးဖြတ်ချက်တစ်ခု ရဖို့ အချိန်ပေးရပါတယ်။ ခေါင်းဆောင်အတော်များများကတော့ ဒီပုံစံနဲ့ ပတ်သတ်ပြီး ကသိကအောက် ဖြစ်ရပါတယ်။ ဒီခေါင်းဆောင်မှုပုံစံနဲ့ အောင်မြင်မှုရဖို့ ခက်ခဲတတ်ပါတယ်။

၄။ Laissez-Faire

ဒီလိုခေါင်းဆောင်ကိုတော့ hands-off လို့လည်း ခေါ်ပါတယ်။ လက်အောက်ငယ်သားတွေကို ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်စေပါတယ်၊ ကိုယ့်အောင်မြင်မှုကို ကိုယ်ဖန်တီးစေ်ပါတယ်၊ ပြဿနာတစ်စုံ တစ်ရာဖြစ်လာရင်လည်း ငယ်သားတွေကပဲ ဖြေရှင်းရပါတယ်။

ကောင်းကျိုး----လုပ်ငန်းကို မိမိဘာသာ တိုးတက်ကောင်းမွန်အောင် ဖန်တီးနိုင်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုလည်း ပိုမိုရရှိနိုင်ပါတယ်။

[ဆိုးကျိုး] ပြဿနာဖြစ်လာရင် ဖြေရှင်းဖို့ ခက်ပါတယ်။ ပြဿနာလည်း ပိုပြီး ကြီးထွားလာ နိုင်ပါတယ်။

၅။ Charismatic

ဒီခေါင်းဆောင်က အလွန်ချစ်ခင်နှစ်လိုဖွယ်ကောင်းပြီး စကားပြောကောင်းသူ တစ်ယောက်ပါ။ လူတွေကို ဆွဲဆောင်နိုင်ပါတယ်။ လူတွေက သူတို့ရဲ့ နှုတ်ထွက်စကား၊ အမူအရာတွေကို ကြည့်ပြီး သင်ယူလေ့လာပါတယ်။ အတုယူလိုက်နာပါတယ်။

[ကောင်းကျိုး] လက်အောက်ငယ်သားတွေကို စိတ်အားတက်လာအောင် တိုက်တွန်းနိုင်စွမ်း ရှိပါတယ်။

[ဆိုးကျိုး] ငယ်သားတွေက ခေါင်းဆောင်ကို မှီခိုအားထား ယုံကြည်လွန်းတာကြောင့် ခေါင်းဆောင် နှုတ်ထွက်သွားချိန်မှာ လုပ်ငန်းစွမ်းရည်တွေ ကျဆင်းသွားနိုင်ပါတယ်။

၆။ People-oriented

ဒီခေါင်းဆောင်မျိုးက လုပ်ငန်းထဲမှာရှိတဲ့ လက်အောက်ငယ်သားတွေကိုပဲ အဓိကထား အာရုံစိုက်ပါတယ်။ ဝန်ထမ်းတွေ တိုးတက်အောင် ၊ မိမိအောင်မြင်မှုကို မိမိကိုယ်တိုင် ဖန်တီး ရရှိနိုင်အောင် တစ်ဖက်တစ်လမ်းက ကူညီပါတယ်။

[ကောင်းကျိုး] ကောင်းမွန်တဲ့ အသင်းအဖွဲ့ ဝန်းကျင်တစ်ခုကို တည်ထောင်နိုင်ပါတယ်။ ဝန်ထမ်းတွေ ကိုယ်တိုင်ကလည်း ခေါင်းဆောင်ဟာ သူတို့ လိုအပ်တာကို ပံ့ပိုး ကူညီတယ်၊ သူတို့ကို အသိအမှတ်ပြုတယ်လို့ ခံစားရပါတယ်။

[ဆိုးကျိုး] ကြာလာရင် အဖွဲ့အစည်းရဲ့ အောင်မြင်မှုဆိုတာကို မေ့သွားနိုင်ပါတယ်။

၇။ Task-oriented

ဒီခေါင်းဆောင်ကတော့ အလုပ်ပြီးဖို့၊လုပ်ငန်းကောင်းမွန်ဖို့ကိုပဲ အလေးပေး ဆောင်ရွက်ပါတယ်။ ဒီခေါင်းဆောင်က လုပ်ငန်းအတွက် သူကိုယ်တိုင် အစီအစဉ်တွေ ချမှတ်ပါတယ်၊ ဝန်ထမ်းတွေကို စည်းရုံးပါတယ်၊ ပြီးတော့ ဝန်ထမ်းတွေအတွက် ဘယ်အချိန်မှာ ဘာကို အပြီးလုပ်ဆိုတဲ့ တာဝန်တွေ ပေးတတ်ပါတယ်။

[ကောင်းကျိုး] အလုပ်ပြီးမြောက်အောင်မြင်ပါတယ်။ အလုပ်တွေအားလုံး သေသေသပ်သပ်နဲ့ အစီအစဉ်တကျဖြစ်တတ်ပါတယ်။

[ဆိုးကျိုး] ဝန်ထမ်းတွေက ခေါင်းဆောင်ဟာ သူတို့ကို အသိအမှတ် မပြုဘူး၊ အထောက်အပံ့ မပေးဘူးလို့ ခံစားရပါတယ်။

← Back