thantzinoo

9-1-1

ဒီနေ့တော့ မြို့ထဲလျှောက်သွားကြည့်မယ်ဆိုပြီး နှစ်ယောက်သား ထွက်လာခဲဲ့ကြတယ်။ မြစ်ဘေးလျှောက်မယ်ဆိုပြီး ပန်းခြံလေးတစ်ခုဘေး ကားရပ်ပြီး နည်းနည်းလျှောက်ရုံရှိသေး အမျိုးသမီးတစ်ယောက် ကိုယ်တွေကို ခပ်လှမ်းလှမ်းကနေ တခုခု လှမ်းအော်ပြောတယ်။ မကြားမှန်းသိတော့ ထပ်အော်ပြောတယ်။ နှင်းတွေပြည့်နေတဲ့ ပန်းခြံထဲက ခုံတန်းရှည်တစ်ခုဘေး နှင်းပြင်ပေါ်မှာ ခပ်ဆန့်ဆန့်လှဲနေတဲ့ လူတစ်ယောက်ကို လက်ညှိုးထိုးပြပြီး “ငါ့သူငယ်ချင်း သေတော့မယ်။ 9-1-1 ကို ဖုန်းခေါ်ပေးပါ” တဲ့။

တခြားလူတစ်ယောက်ကလည်း ဘေးနားမှာ ဒူးထောက်ထိုင်ပြီး အသက်ကယ်ဖို့ ကြိုးစားနေပုံပဲ။ ကိုယ်လည်း မကြုံဘူးတော့ နည်းနည်းတော့ ထိတ်ထိတ်ပြာပြာဖြစ်သွားတယ်။ သူက ဆက်ပြောတယ် ဆေးလွန်တာတဲ့။ အဲ့တာနဲ့ အမြန်ဖုန်းထုတ်ပြီး 9-1-1 ကို ဖုန်းခေါ်.. ကိုယ့်နာမည်ပြော.. ဖြစ်နေတဲ့ကိစ္စ အကျိုးအကြောင်းပြောတော့ လိပ်စာမေးတယ်.. ကိုယ်ရောက်နေတာက ပန်းခြံဆိုတော့ လိပ်စာရယ်လို့ ပြောဖို့ခက်တာနဲ့ ပန်းခြံနာမည်ကိုပဲ သေချာထပ်ပြောပြနိုင်တယ်။ နောက်တော့ ကိုယ့်ဖုန်းနံပါတ်မေးတယ် ပြောပြလိုက်တော့ ဖုန်းကို location trace လုပ်လိုက်ပုံရတယ် “Riverfront Ave မှာ.. ရပြီ” ဆိုပြီး ပထမဦးဆုံးမေးတာက “violence တခုခု ဖြစ်တာလား.. လက်နက်ကိုင်ထားတာ တွေ့လား” မေးတယ်။ မဟုတ်ကြောင်း ဖြေတော့ “နင် ဖုန်းကို stand-by ကိုင်ထား ငါ ဘာလုပ်ရမလဲ ပြောမယ်” တဲ့။ အသံက ပြတ်တယ်၊ မာတယ် ဒါပေမယ့် ရင့်သီးတာမျိုးလည်း မဟုတ်ဘူး။ “Narcan ရှာပါ” တဲ့။ အဲ့တာ ဘာမှန်းမသိလို့ နှစ်ခေါက်ပြန်မေးရတယ်။ အဲ့တော့မှ “နင်အနားမှာရှိတဲ့ လူတစ်ယောက်ယောက်ကို Narcan ဘာလဲမေးလိုက် သိလိမ့်မယ်” ဆိုတော့ ကိုယ့်ကို လာခေါ်တဲ့ အမျိုးသမီးနဲ့ အသက်ကယ်ဖို့လုပ်နေတဲ့ အသက်နည်းနည်းပိုကြီးတဲ့ အမျိုးသမီးနှစ်ယောက်လုံးကို “What is Narcan? 9-1-1 is telling me we need to give him a Narcan” ဆိုတော့ “We’ve already given him two” လို့ ပြန်ဖြေတယ်။ သူတို့ဟာသူတို့တော့ အချိတ်အဆက်မိနေတာပဲ.. ကိုယ်တွေသာ ကြားထဲက မအူမလည်.. (နောက်မှ ပြန်ဖတ်ကြည့်တော့ Narcan ဆိုတာ ဆေးလွန်လူနာတွေကိုပေးရတဲ့ နှာခေါင်းထဲကို ဖြန်းတဲ့ဆေး..)

ပြီးတော့ operator ကဆက်မေးတယ် “လူနာက ယောက်ျားလား မိန်းမလား”.. “အသက်ရော ဘယ်လောက်လဲ”.. ကိုယ်လည်း ကိုယ့်ရှေ့က အမျိုးသမီး နှစ်ယောက်ကို ခန့်မှန်းအသက်ဘယ်လောက်လဲမေး.. ပြန်ပြော။ လူနာက အသက်ဖွဖွရှူနေသေးတာလည်း သတိထားမိတယ်။ သတိတော့ ကောင်းကောင်းရှိပုံမရဘူး။

နောက်တော့ operator ကအမျိုးသမီးက “Emergency services တွေလည်း နင်ရှိတဲ့နေရာကို ခု လာနေပြီ။ လူနာကို ခေါင်းအောက်မှာ ဘာမှမရှိစေနဲ့ မြေပေါ်မှာ ဆန့်ဆန့်ထားပါ.. ပြီးရင် resuscitate လုပ်ဖို့ ငါနင့်ကို လမ်းညွှန်မယ်..” လို့ ပြောတယ်။ “ခု.. တစ်ယောက်လုပ်ပေးနေတယ်” လို့ ပြောပြီး အသက်ကြီးကြီး အမျိုးသမီးကို ဖုန်းလှမ်းပေးလိုက်တယ်။ သူတို့ပြောနေတုန်း နောက် ၁ မိနစ်လောက်မှာပဲ မီးသတ်ကား အရင်ရောက်လာတယ်။..

Stretcher တခုဆွဲထုတ်လာပြီး လုပ်စရာရှိတာတွေ စလုပ်ကြတယ်။ နောက်သိပ်မကြာခင်မှာ EMS လူနာတင်ယာဉ်တစ်စီး ရောက်လာတယ်။ ကိုယ်လည်း ဖုန်းခေါ်ထားတဲ့လူဆိုတော့ ခဏစောင့်နေပေးပြီး နောက်တော့ မီးသတ်ဝန်ထမ်းတစ်ယောက်ကို “ဖုန်းခေါ်တာ ငါပါ.. ငါ ဆက်ရှိနေဖို့ လိုသေးလား” မေးတော့ “မလိုတော့ဘူး ရပြီ” ဆိုတာနဲ့ ထွက်လာခဲ့လိုက်တယ်။

ဘဝမှာ ပထမဆုံး 9-1-1 ကို ဖုန်းခေါ်ဖူးတာပဲ။ မွေးနေ့မှာ အမှတ်တရ တခုပေါ့။

Supermoon