mastodon

နယ်စပ်ဒေသ

November 10, 2007

ဆရာ မင်းလူရေးတဲ့ ဦးမင်းလူကောင်းမှု ဆိုတဲ့ ကဗျာစု စာအုပ်ကလေးကို သူငယ်ချင်း တစ်ယောက်ဆီက ဖတ်ခွင့်ရပါတယ်။ ဖတ်ကြည့်တော့ တချို့ကဗျာလေးတွေကို တော်တော်လေး သဘောကျပါတယ်။ အောက်က ကဗျာလေးကို ဖတ်ကြည့်ပါဦး။

နယ်စပ်ဒေသ

နေ့နဲ့ ညကြားမှာ

တစ်စက္ကန့်ပဲ ခြားတယ်။

တစ် ဒီဂရီနဲ့

သုံးရာ့ခြောက်ဆယ် ဒီဂရီကြားမှာ

တစ် ဒီဂရီပဲ ခြားတယ်။

ဆောင်းနဲ့ နွေကြားမှာ

လေတစ်ဝှေ့ပဲ ခြားတယ်။

အပြာနဲ့ အစိမ်းကြားမှာ

အဝါတစ်စက်ပဲ ခြားတယ်။*

ရှင်ခြင်းနဲ့ သေခြင်းကြားမှာ

မျက်တောင်တစ်ခတ်ပဲ ခြားတယ်။

အချစ်နဲ့ အမုန်းကြားမှာ

မျဉ်းတစ်ကြောင်းပဲ ခြားတယ်။

ဟိုဘက်ကို ကူးဖို့ဆိုတာ

လွယ်လွယ်ကလေးပါ။

– ဆရာမင်းလူ ရေးသည့် ဦးမင်းလူကောင်းမှု မှ

  • ကျွန်တော် သိသလောက်တော့ အစိမ်းက အဝါနဲ့ အပြာ ကြားထဲမှာပါ။ ဆရာမင်းလူ ဘာကို ဆိုလိုချင်သလဲတော့ မသိပါဘူးဗျာ။
Profile picture
Written/Curated by Thant Zin Oo
← Back to Blog