mastodon

နိုင်ဂျီးရီးယားနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စီမံကိန်း

June 28, 2020

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတကြီး မူဟမ္မဒူဘူဟာရီ ရေးသားသည့်ဆောင်းပါးအား ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

၂၀၁၅ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအတွက်  ကျွန်တော်ဟာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စတာတွေကို အဓိကထား မဲဆွယ်စည်းရုံးခဲ့ပါတယ်။ အထူးသဖြင့်၊ အဂတိလိုက်စားမှု ဆိုတဲ့ ကင်ဆာဆဲလ်ကြီးကို အမြစ်ပြတ်အောင် ကုသနိုင်မှသာ တမျိုးသားလုံးရဲ့ အကျင့်စာရိတ္တ ပြန်လည်မြင့်မားလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ဂျီးရီးယားနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးတကြီးလိုအပ်နေတဲ့၊ ပေါကြွယ်ဝလှပေမယ့် ကျိန်စာသင့်နေတဲ့ သယံဇာတတွေကိုလည်း ကျိန်စာကလွတ်ကင်းအောင် ဒီအဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ နိုင်ဂျီးရီးယားပြည်သူတွေ အမြဲမေးတတ်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲ့တာကတော့ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၆၀ ပြည့်နှစ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ တစ်ဦးချင်း ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP per Capita) ဟာ အမေရိကန်ဒေါ်လာ ၅၅၉ ဒေါ်လာ ရှိပြီး အဲ့အချိန်မှာ စင်္ကာပူနိုင်ငံက ၄၇၆ ဒေါ်လာပဲ ရှိပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ စင်္ကာပူဟာ ၅၅,၁၈၂ ဒေါ်လာအထိ တက်သွားခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံရဲ့ တစ်ဦးချင်း ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးကတော့ ၃၀၀၅ ဒေါ်လာပဲ ရှိပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ။

လူဦးရေနည်းနည်းပဲရှိတဲ့ မြို့ပြနိုင်ငံငယ်လေးဟာ နိုင်ဂျီးရီးယားနိုင်ငံကို အပြတ်အသတ် ကျော်ဖြတ်တက်သွားတဲ့ အဖြစ်အပျက်ကို ရှင်းပြဖို့က အရမ်းကြီးမခက်ခဲလှပါဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်အရ အရေးအပါဆုံး တစ်ခုတည်းသောအချက်ကတော့ နှစ်နိုင်ငံအကြားမှာ အလွန်တရာမှ ကွာဟချက်ကြီးမားတဲ့ “ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်တွေ နဲ့ အဂတိလိုက်စားမှုအပေါ်ထားတဲ့ သဘောထား” တွေပဲ ဖြစ်ပါတယ်။ စာရေးဆရာ အလန်ဂရင်းစပန် သုံးသပ်ပြခဲ့သလိုပါပဲ။ အဂတိလိုက်စားမှု၊ အလွဲသုံးစားပြုမှု၊ လိမ်လည်မှု စတာတွေဟာ နေရာတိုင်းမှာ ရှိတတ်တဲ့ သဘောတရားတွေပါပဲ။ ဝမ်းနည်းစရာကောင်းလောက်အောင်ပဲ အဲ့တာတွေဟာ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လူသားတွေရဲ့ ဗီဇ၊ လူသားတွေရဲ့ သဘာဝလည်း ဖြစ်လို့နေပါတယ်။ အောင်မြင်နေတဲ့ ဘောဂစနစ်တွေမှာတော့ အဲ့ဒီအရာတွေကို အလျော့နည်းဆုံးဖြစ်အောင် လျှော့ချထားနိုင်ကြတာကို တွေ့ကြရမှာပါ။” ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ နိုင်ဂျီးရီးယားအစိုးရအဆက်ဆက်ဟာ ဒီကြမ္မာဆိုးကြီးကို တွန်းလှန်တိုက်ဖျက်နိုင်စွမ်း မရှိခဲ့ပါဘူး။

နိုင်ဂျီးရီးယားနိုင်ငံ၏ ခြစားမှုများ

နိုင်ဂျီးရီးယားနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ဒုတိယအကြီးဆုံးအခန်းကဏ္ဍကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပါပဲ။ နိုင်ငံခြားဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရှာဖွေပေးနေတဲ့လုပ်ငန်းဆိုလည်း မမှားပါဘူး။ ရေနံခိုးထုတ်ကြသူတွေရဲ့ လက်ချက်နဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၆.၇ ဘီလီယံ တန်ဖိုးရှိတဲ့ ရေနံစည်ပေါင်း ၂၃၂,၀၀၀ ခန့်ကို နိုင်ဂျီးရီးယားနိုင်ငံဟာ နှစ်စဉ်ဆုံးရှုံးနေရပါတယ်။ ဒီတရားမဝင်လုပ်ငန်းကြီးထဲမှာ နိုင်ငံရေးသမားတွေ၊ လုံခြုံရေးကုမ္ပဏီတွေ၊ ဒုစရိုက်ဂိုဏ်းတွေ၊ နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေရဲ့ ဝန်ထမ်းတွေပါ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြပါတယ်။  ဒီတရားမဝင်လုပ်ငန်းကြီးဟာ ၂၀၀၈ နဲ့ ၂၀၁၃ အကြားမှာ အလွန်အမင်း ကြီးမားကျယ်ပြန့်လာတာကို ဂြိုဟ်တုကဖမ်းယူရရှိခဲ့တဲ့ ပုံရိပ်တွေမှာ အထင်းသားတွေ့ရပါတယ်။ ထို့အတူပဲ နိုင်ဂျာမြစ်ဝှမ်းဒေသတဝိုက်မှာလည်း တရားမဝင် ရေနံချက်တဲ့ လုပ်ငန်းတွေ အလျှိုလျှိုပေါ်ထွက်လာတာဟာ စက်မှုဇုန်ကြီးတစ်ခုအလား ထင်မှတ်မှားရပါတယ်။

မိမိရဲ့ လုပ်ပိုင်ခွင့်အာဏာကို တကိုယ်ရေအကျိုးစီးပွားအတွက် မလျော်မကန် တလွဲအသုံးချတာဟာ နိုင်ဂျီးရီးယားနိုင်ငံ အုပ်ချုပ်ရေးကဏ္ဍရဲ့ ဝိသေသတစ်ခုဖြစ်နေခဲ့တာ လွန်ခဲ့တဲ့ နှစ် ၃၀ လုံးလုံးပါပဲ။ အထူးသဖြင့် ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်းမှာကို အဂတိလိုက်စားမှုတွေ ပိုမိုကြီးမားကျယ်ပြန့်လာပြီး ပိုလည်းပြင်းထန်ဆိုးရွားလာခဲ့တယ်။ အကျိုးဆက်အနေနဲ့ကတော့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေ စားဝတ်နေရေး ပြေလည်စေဖို့အတွက် ကြီးစွာသော အဟန့်အတားတွေကို ဖြစ်ပေါ်စေတာပါပဲ။ နိုင်ငံရေးအသိုင်းအဝိုင်း၊ စစ်တပ်အသိုင်းအဝိုင်း၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင်းက လက်တစ်ဆုံးနှိုက်တတ်ကြတဲ့ အတ္တသမား အီလစ်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံအတွင်း အဂတိလိုက်စားမှုတွေရဲ့ အဓိကလက်သည်တရားခံတွေ ဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပါတယ်ဆိုတဲ့ ဒီမိုကရက်တစ်အစိုးရ အုပ်ချုပ်တဲ့ ပြီးခဲ့တဲ့ ၁၆ နှစ်တာကာလအတွင်း နိုင်ငံရဲ့ဝင်ငွေဟာ အဲ့ဒီကာလမတိုင်မီ နှစ်ပေါင်း ၈၀ အတွင်း နိုင်ဂျီးရီးယားက ရရှိခဲ့တဲ့ ဝင်ငွေထက်ကို ပိုမိုများပြားခဲ့ပါတယ်။ ဒါပေမယ့်လည်း နားလည်ရခက်စေတာတစ်ခုက အဲ့ဒီ ၁၆ နှစ်တာကာလအတွင်းမှာပဲ အကျင့်ပျက်ခြစားမှုတွေ ပိုမိုထွန်းကားခဲ့ပြီး လူနေမှုပုံစံတစ်ခုလိုတောင် ဖြစ်လို့လာပါတယ်။

၁၉၈၀ ကာလတွေကတည်းက နိုင်ဂျီးရီးယားနိုင်ငံဟာ နိုင်ငံပိုင်ပစ္စည်းဝယ်ယူမှုကုန်ကျစရိတ်နဲ့ စီမံကိန်းစာချုပ်ချုပ်ဆိုမှု ကုန်ကျစရိတ်တွေမှာ အရှေ့အာဖရိက နဲ့ မြောက်အာဖရိက နိုင်ငံတွေထက် ၃ ဆ များပါတယ်။ အာရှနိုင်ငံတွေနဲ့ယှဉ်လိုက်ရင် ၄ဆ ပိုမိုများနေပါတယ်။ ၁၉၆၀ ခုနှစ် နိုင်ဂျီးရီးယားနိုင်ငံ လွတ်လပ်ရေး ရရှိကတည်းက ပြည်သူ့ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ  ၃၀၀ ဘီလီယံကနေ ၄၀၀ ဘီလီယံအထိ အကျင့်ပျက်ခြစားမှုကြောင့် ဆုံးရှုံးခဲ့ရတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ ၁၉၇၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း တရားမဝင်ငွေကြေးစီးဆင်းမှုကြောင့် အာဖရိကတိုက်တစ်ခုလုံး အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံ ဆုံးရှုံးခဲ့ရတဲ့အနက် နိုင်ဂျီးရီးယား တစ်နိုင်ငံထဲရဲ့ ဆုံးရှုံးမှုကတင် ၂၁၇ ဘီလီယံ ရှိခဲ့တယ်လို့ အာဖရိကသမဂ္ဂ တရားမဝင်ငွေကြေးစီးဆင်းမှုဆိုင်ရာ ခုံအဖွဲ့က ဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတောအတွင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီတွေ၊ ဥပဒေတွေ ရေးဆွဲဖွဲ့စည်းခဲ့ပေမယ့် တကယ်တမ်းမှာတော့ အဲ့ဒီအဖွဲ့အစည်းတွေ အားကောင်းမောင်းသန်ဖြစ်လာအောင်၊ ဥပဒေတွေ အသက်ဝင်ပြီး စိုးမိုးမှုရှိလာအောင် စတဲ့ စိတ်ဆန္ဒမျိုး ခေါင်းဆောင်ပိုင်းတွေမှာ လုံးဝမရှိခဲ့ပါဘူး။ အစိုးရအုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ရဲ့ အစိတ်အပိုင်းစီတိုင်းမှာ ပြည်သူ့ဝန်ထမ်းတွေဟာ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပျက်ကွက်နေကြတယ်။ အဲ့ဒီအတွက်လည်း ဘယ်လို အရေးယူခံရမှုမျိုးမှ ရှိမနေခဲ့ပါဘူး။ အစိုးရဌာနတွေအနေနဲ့ ပစ္စည်းတွေဝယ်ယူတဲ့အခါမှာ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို လျစ်လျူရှုထားပါတယ်။ အရည်အသွေးမမီတဲ့ ပစ္စည်းတွေကို မတန်တဆဈေးတွေလည်း ပေးချေပြီး ဝယ်တတ်ကြပါတယ်။ တခါတရံမှာ တကယ် မပြီးစီးတဲ့ လုပ်ငန်းတွေအတွက်တောင် ငွေပေးချေပြီးသား ဖြစ်နေကြပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ကျွန်တော်ရဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ ပွင့်လင်းမြင်သာမှုနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေးယန္တရားရဲ့ အညွှန်းကိန်းတွေဖြစ်တဲ့

  • တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး
  • ပြည်သူလူထုရဲ့ နိုင်ငံ့အရေးမှာ ပူးပေါင်းပါဝင်ခွင့် နဲ့ အခြေခံလူ့အခွင့်အရေး
  • ရေရှည်တည်တံ့နိုင်မယ့် စီးပွားရေးအခွင့်အလမ်းများ
  • လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု

အစရှိတဲ့ ကဏ္ဍတွေမှာ အခြားအာဖရိကနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အမြဲတမ်း အောက်ရောက်နေတာဟာ ထူးဆန်းတဲ့ကိစ္စတစ်ခု မဟုတ်တော့ပါဘူး။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းဆိုင်ရာရုံး ရဲ့ အဆိုအရ ဆိုးဆိုးရွားရွား ပျံ့နှံ့နေတဲ့ ခြစားမှုတွေဟာ ဒီမိုကရက်တစ်အဆောက်အအုံကို ယိုင်နဲ့စေပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်။ အစိုးရအုပ်ချုပ်ရေးယန္တရားကို မတည်မငြိမ်ဖြစ်စေပါတယ်။ ဒီခြစားမှုတွေဟာ လူ့အဖွဲ့အစည်းရဲ့ အကျင့်စာရိတ္တကို ပျက်ပြားစေပါတယ်။ ဒါ့အပြင် နိုင်ငံသားတွေရဲ့ လူမှုစီးပွားအခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်ပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီး အကာအကွယ်မဲ့တဲ့ အခြေခံလူတန်းစားတွေကို ပိုပြီး ထိခိုက်စေပါတယ်။ ခြစားမှုဟာ ဆင်းရဲမွဲတေမှုကို ဖြစ်ပွားစေတဲ့အပြင် ချိနဲ့နေတဲ့ အစိုးရယန္တရားကြောင့် အစိုးရရဲ့ စောင့်ရှောက်မှု၊ ဝန်ဆောင်မှုကို အားထားနေရတဲ့ ဆင်းရဲသားပြည်သူတွေကို ပိုပြီးနစ်နာစေပါတယ်။

အကျင့်ပျက်နိုင်ငံရေးသမားတွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းတွေကို လက်တလုံးကြားလုပ်တတ်တာကလည်း ထုံးတမ်းစဉ်လာတစ်ခုလိုတောင် ဖြစ်နေပါပြီ။ အဲ့ဒီလိုအပြုအမူဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို ချိနဲ့စေပါတယ်။ အခွန်တိမ်းရှောင်မှုလို ကိစ္စရပ်တွေဟာ တိုင်းပြည်ဘဏ္ဍာငွေကို တိုက်ရိုက်ထိပါးစေပါတယ်။ အဂတိလိုက်စားမှုတွေဟာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေတဲ့အပြင် အကျိုးဆက်အနေနဲ့ နိုင်ငံတော်ကရရှိမယ့် အကျိုးအမြတ်ဘဏ္ဍာငွေတွေ ဆုံးရှုံးရပါတယ်။ အလုပ်အကိုင် ဖန်တီးနိုင်စွမ်းအပြင် နိုင်ငံခြားကုမ္ပဏီတွေကနေ ရရှိမယ့် လုပ်ငန်းခွင် ကျွမ်းကျင်မှု လွှဲပြောင်းရယူနိုင်မယ့် အခွင့်အလမ်းကိုလည်း လက်လွှတ်ဆုံးရှုံးရပါတယ်။ အဂတိလိုက်စားမှုဟာ သွက်လက်ထက်မြက်ပြီး အလုပ်တွင်ကျယ်တဲ့ အစိုးရယန္တရားကို ယိုင်နဲ့ပြိုလဲစေပြီး အလဟဿပြုန်းတီးမှုနဲ့ စီမံခန့်ခွဲမှုအလွဲအမှားတွေကိုသာ ပိုဖြစ်စေပါတယ်။

အကျိုးဆက်ကတော့ လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲချမ်းသာကွာဟမှု အရမ်းကြီးမားလာပြီး အဲ့ဒီ ကွာဟမှုက စိတ်ပျက်အားငယ်စရာ၊ မျှော်လင့်ချက်ကင်းမဲ့စရာ တစ်ခုဖြစ်လာခဲ့ရုံမျှမက အဆိုးဆုံးအနေအထားတစ်ခုမှာ လက်နက်ကိုင်ပုန်ကန်တော်လှန်ရေးမျိုးကို အုတ်မြစ်ချပေးသလိုတောင် ဖြစ်နိုင်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံအနေနဲ့ ခြစားမှုတွေဟာ အခြေခံအဆောက်အအုံတွေကို ယိုင်နဲ့စေခဲ့တယ်။ လူမှုရေးရာဝန်ဆောင်မှုတွေ ကင်းမဲ့စေခဲ့တယ်။ လူ့အဖွဲ့အစည်းတွေကို ပြိုလဲစေခဲ့တယ်။ ဒီလိုအခြေအနေအရပ်ရပ်မှာ မေးသင့်တဲ့ မေးခွန်းတစ်ခုက ချမ်းသာပါလျက်နဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ ဘာလို့ စိတ်ပျက်ဝမ်းနည်းဖွယ်ရာ ဆင်းရဲတဲ့နိုင်ငံတစ်ခုအဖြစ် ဘာကြောင့်၊ဘယ်လို ကျဆင်းဆုံးရှုံးသွားခဲ့သလဲ ဆိုတာပါပဲ။

ဘာတွေဖြစ်ခဲ့သလဲ။

နိုင်ဂျီးရီးယားနိုင်ငံရဲ့ ခြစားမှုတွေအတွက် အကြောင်းရင်းခံတရားတွေကတော့ အလုံအလောက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ နှုန်းစံအံလွဲမှုတွေနဲ့ ယဉ်ကျေးမှုအဝန်းအဝိုင်း အံချော်မှုတွေ ပါပဲ။ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှုကို အောင်မြင်မှုအဖြစ်နဲ့ အထင်ကြီးအားကျတတ်ကြတာပါ။ ဒါပေမယ့် ဒါဟာနိုင်ငံတော်တော်များများမှာ တွေ့ရတဲ့သဘောပါ။ နိုင်ဂျီးရီးယားနိုင်ငံမှာ ပိုဆိုးနေတာက ယခင်ကဆို တရားမဝင်နည်းလမ်းနဲ့ ချမ်းသာကြွယ်ဝလာပြီး ဂုဏ်ပကာသနကို ထင်ထင်ရှားရှား ထုတ်ဖော်ကြွားဝါ တဲ့သူတွေကို ရိုးရာဓလေ့ထုံးစံအရ စစ်ဆေးစောင့်ကြည့်တတ်တဲ့ ယဉ်ကျေးမှုပါ ပျောက်ကွယ်သွားတာပါပဲ။ လူ့အဖွဲ့အစည်းများ ပြောင်းရွှေ့မှုနဲ့ မြို့ပြချဲ့ထွင်မှုတွေဟာလည်း ပြဿနာရဲ့အကြောင်းရင်းတချို့ဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ လူမျိုးစုအစွဲကြီးမှုနဲ့ ဆွေမျိုးကောင်းစားရေးဝါဒ တွေဟာ ခြစားမှုကို ကြီးထွားစေပါတယ်။ လက်ဝယ်ရှိထားတဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ မိမိနဲ့ ဆွေမျိုးကောင်းစားရေးအတွက် တလွဲအသုံးချတာ​တွေ အပြင် အပြစ်ရှိသူဟာ မိမိနဲ့ မကင်းရာမကင်းကြောင်း ဖြစ်တာကြောင့် အာဏာအလွဲသုံးစားလုပ် အကာအကွယ်ပေးခြင်းတွေလည်း ရှိတတ်ပါတယ်။

တတိယအချက်ကတော့ ရေပေါ်ဆီအခွင့်ထူးခံလူတန်းစားဝါဒတစ်ရပ် ထွန်းကားမှုပါပဲ။ ရာထူးရာခံကြီးမြင့်သူတွေနဲ့ ချမ်းသာကြွယ်ဝသူတွေဟာ မိမိတို့ရဲ့ အဆင့်အတန်း၊ အသိုင်းအဝိုင်းကြောင့် လူ့ဘောင်ကို ထိန်းကွပ်ထားတဲ့ တရားဥပဒေတွေရဲ့ ထိမ်းချုပ်မှုအောက်က ကင်းလွတ်ခွင့်ရနေတယ်လို့ မှတ်ထင်နေတတ်ကြပါတယ်။

စတုတ္ထအချက်ကတော့ အပြစ်ဒဏ်ရှိသူတွေကို အပြစ်ပေးအရေးယူနိုင်ခြင်းမရှိတာပါပဲ။ အဲ့တာကို ပိုမိုဆိုးရွားစေတာကတော့ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ အားနည်းနေတဲ့ တရားရေးမဏ္ဍိုင်ပါပဲ။ အဲ့လို အရေးမယူနိုင်ခြင်းကိုယ်တိုင်က တရားဥပဒေစိုးမိုးမှုကို ပျက်စီးယိုယွင်းစေပြန်ပါတယ်။

နောက်ဆုံးအနေနဲ့ နိုင်ဂျီးရီးယားနိုင်ငံတဝှမ်းက ခြစားမှုတွေရဲ့ အရေးအကြီးဆုံး အကြောင်းတရားတစ်ခုကတော့ အတိတ်ကာလ နိုင်ငံခေါင်းဆောင်တွေရဲ့ ဒီပြဿနာဆိုးကြီးကို ဖြေရှင်းလိုတဲ့ တိုင်းပြည်အပေါ်ထားတဲ့ စိတ်စေတနာ ခေါင်းပါးမှုပဲ ဖြစ်တယ်။ ဥပဒေစာအုပ်တွေထဲမှာ ဥပဒေတွေဟာ လုံလုံလောက်လောက်ကို ရှိပါတယ်။ နောက်ပြီး အစိုးရရုံးဌာနအသီးသီးက ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေလည်း ခိုင်ခိုင်မာမာ ရေးဆွဲပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ခြစားမှုတိုက်ဖျက်ဖို့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဟာ ပြဿနာကို ကိုယ်တွယ်ဖြေရှင်းဖို့ ဆန္ဒမရှိတာသော်လည်းကောင်း၊ လုပ်ရည်ကိုင်ရည်မရှိတာသော်လည်းကောင်း၊ (ဒါမှမဟုတ်) လုပ်ဖို့ တွန်းအားမရှိတာသော်လည်းကောင်း တွေ့ရတယ်။ ဒါမှမဟုတ်လည်း ပြဿနာကို တရည်တရွယ် ရှောင်ကွင်းတဲ့သဘောမျိုးတွေကို တွေ့ရတတ်ပြန်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံရဲ့ ခြစားမှုတိုက်ဖျက်ရေး အဆိုပြုချက်များ

ခြစားမှုတိုက်ဖျက်ရေးအတွက် ကျွန်တော်တို့ဟာ ကျွန်တော်တို့မှာ “အတုယူဖွယ်ရာ ခေါင်းဆောင်မှု”၊ “တစ်ဦးချင်း ရိုးဖြောင့်မှန်ကန်မှု”၊ “နိုင်ငံရေးစိတ်စေတနာကောင်း” စတာတွေ ပိုင်ဆိုင်ထားကြောင်းကို ပြသဖို့ လိုအပ်ပါတယ်။ တကိုယ်ရေလွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာရေးသားပြောဆိုခွင့် နဲ့ တရားဥပဒေစိုးမိုးရေး တို့အပေါ် အခြေခံထားတဲ့ ဒီမိုကရက်တစ် အုပ်ချုပ်မှုစနစ်မှာ ခြစားမှုတိုင်းကို သမာသမတ်ကျကျ မျှမျှတတ ကိုင်တွယ်ဖို့လိုပါတယ်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းသည် ဆိုပါစေ၊ ဘယ်လောက်ပဲ တရားမျှတမှုတစ်ခုဟာ နှေးကွေးသည် ဆိုပါစေ၊ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို အတိအကျ လိုက်နာဖော်ဆောင်ဖို့လိုပြီး ပွင့်လင်းမြင်သာမှုလည်း ရှိရပါလိမ့်မယ်။ တဆက်တည်းမှာပဲ ကျွန်တော်တို့ဟာ တာဝန်ခံမှုရှိရမှာ ဖြစ်ပြီး ပြည်သူပြည်သားတွေနဲ့ ဆက်ဆံရာမှာ ကျောသားရင်သား မခွဲခြားပဲ မိမိ အဓိဌာန်ပြု ရယူထားတဲ့ ရာထူးတာဝန်အပေါ် သစ္စာရှိဖို့လည်း လိုအပ်ပါလိမ့်မယ်။ အစိုးရအရာရှိများဟာ လူအများရဲ့ စွပ်စွဲကဲ့ရဲ့ပြစ်တင်ဝေဖန်မှုကနေ ကင်းနိုင်သမျှကင်းအောင် နေဖို့လိုအပ်တယ်။ ဒါကြောင့်မို့ ဥပဒေအရ လိုအပ်တာမဟုတ်ပေမယ့် ကျွန်တော်ရယ်၊ ဒုသမ္မတရယ်ဟာ ပိုင်ဆိုင်မှုကို အများပြည်သူကို တရားဝင်ထုတ်ပြန်ကြေငြာပြီး မိမိတို့ရဲ့ သမ္မတသက်တမ်းကို စတင်ခဲ့ကြပါတယ်။ ဒါမှလည်း ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ သက်တမ်းကုန်ဆုံးချိန်မှာ ပြန်လည်နှိုင်းယှဉ်ကြည့်နိုင်လိမ့်မှာ ဖြစ်ပါတယ်။

ကျွန်တော် အပေါ်မှာ ဆိုခဲ့သလိုပဲ၊ နိုင်ဂျီးရီးယားနိုင်ငံမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးတစ်ခု အာမခံပေးမယ့် ဥပဒေတွေ၊ နည်းဥပဒေတွေ၊ ပြဌာန်းချက်တွေ အလုံအလောက်ကို ရှိပါတယ်။ အဂတိလိုက်စားမှုတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူမယ့် ကော်မရှင်တွေနဲ့ အေဂျင်စီတွေလည်း ရှိနေပါတယ်။ တကယ့်ကို လိုအပ်တာမဟုတ်ရင် အသစ်ထပ်ရေးဆွဲဖွဲ့စည်းဖို့ မလိုအပ်ပါဘူး။ ရှိနေနှင့်ပြီးသား အဖွဲ့တွေကိုပဲ သူတို့အလုပ်သူတို့လုပ်လာနိုင်အောင် လုံလောက်တဲ့ ဘတ်ဂျက်နဲ့ စိတ်ဓာတ်အင်အား မြှင့်တင်ပေးဖို့ လိုပါတယ်။

နောက်ထပ်ပြီး အဲ့ဒီအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့သဘောအတိုင်း လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်အောင် တိုက်တွန်းအားပေးဖို့ လိုရုံမက (အဖွဲ့ဝင်များ ထိခိုက်နစ်နာမည်ကို စိုးရိမ်ရ၍ဖြစ်စေ၊ တခြားအကြောင်းကြောင်းကြောင့် ဖြစ်စေ၊) မိမိတို့၏ လုပ်ပိုင်ခွင့်များအား မိမိဘာသာ ကန့်သတ်သည့်အဖြစ်မျိုးမှ ရှောင်ရှားရန်လည်း မှာကြားထားဖို့ လိုအပ်ပါတယ်။ ဥပဒေအထက်မှာ မည်သည့်ပုဂ္ဂိုလ်မှ မရှိကြောင်းကို အဖွဲ့ဝင်များအနေဖြင့် နားလည်လက်ခံထားရန်လည်း လိုအပ်ပါတယ်။

ခြစားမှုကို တိုက်ဖျက်တဲ့အခါမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။ ဒါ့အပြင် ခြစားမှုရဲ့ ဆိုးရွားပုံတွေကို ပြည်သူလူထုအား ရှင်းလင်းနားလည်စေခြင်းဖြင့် ပြည်သူလူထုဟာ ခြစားမှုကို မလိုလားကြောင်း မိမိတို့ရဲ့ဆန္ဒကို ဖော်ထုတ်ပေးဖို့လိုအပ်ပါတယ်။ များသောအားဖြင့် ကျေးလက်နေပြည်သူတွေဟာ ဆင်းရဲနွမ်းပါးပြီး အခြေခံပညာရေးပိုင်းမှာ အတော် အားနည်းကြပါတယ်။ သူတို့ဟာ ခြစားမှုကြောင့် (မိမိတို့ဒေသမှာ) ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး နဲ့ အခြားသော အစိုးရဝန်ဆောင်မှုတွေ ကင်းမဲ့၊လစ်ဟင်းနေတဲ့ ဆက်နွယ်မှုကို မမြင်တတ်ကြပါဘူး။ သူတို့ဟာ ဆင်းရဲပြီး အားကိုးရာမဲ့လွန်းတဲ့အတွက် မိမိတို့ ပြည်နယ်အစိုးရဆီကနေတောင် တာဝန်ခံမှုကို တောင်းယူရမှန်း မသိနိုင်ကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့တွေနဲ့ တခြားသော အသင်းအပင်းတွေကို မိမိတို့ လူအဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ ခြစားမှုတွေကို ရင်ဆိုင်စိန်ခေါ်ဖို့ တွန်းအားပေးရပါမယ်။ ကျွန်တော်တို့ဟာ သတင်းအချက်အလက်တွေ ဝေမျှခြင်း၊ ပြည်သူတို့ရဲ့ စွမ်းပကားကို မြှင့်တင်ပေးခြင်း၊ အစိုးရတာဝန်ရှိသူတို့ရဲ့ အကျင့်ပျက်ယွင်းမှုတွေကို ရင်ဆိုင်စိန်ခေါ်တဲ့ လူထုလှုပ်ရှားမှုတွေကို အားပေးအားမြှောက်ပြုခြင်း စတာတွေကို ဆောက်ရွက်ပြီး လွတ်လပ်ပွင့်လင်းမြင်သာတဲ့ အစိုးရတစ်ရပ်ကို ဖန်တီးယူရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ နိုင်ဂျီးရီးယား ဒီမိုကရေစီမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးခုကို အာဏာသုံးရပ်အဖြစ် တိတိပပ ခွဲခြမ်းထားပါတယ်။ ခြစားမှုတိုက်ဖျက်ရေး တည်းဟူသော ရည်မှန်းချက်တစ်ခုတည်းအတွက် မဏ္ဍိုင်သုံးရပ်လုံးဟာ အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဥပဒေပြုရေး နဲ့ တရားစီရင်ရေး မဏ္ဍိုင် နှစ်ခုအပြင် ပြည်နယ်အစိုးရများ နှင့် အခြားသော အစိုးရအစိတ်အပိုင်းအားလုံးနဲ့ အတူတကွ ပူပေါင်းဆောက်ရွက်ဖို့ အသင့်ရှိပါတယ်။

ကျွန်တော့် သမ္မတသက်တမ်းရဲ့ အစပိုင်းကာလမှာ၊ ခြစားမှုတိုက်ဖျက်ရေးအတွက် ကျွမ်းကျင်သူများအပြင် ရိုးသားဖြောင့်မတ်တယ်လို့ ဂုဏ်သတင်းမွှေးတဲ့ လူပုဂ္ဂိုလ်များနဲ့ သမ္မတအတိုင်ပင်ခံကော်မတီတစ်ခု ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီဟာ ကျွန်တော်တို့အစိုးရရဲ့ ခြစားမှုတိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းမှုတွေကို ထိန်းကွပ်ကြပ်မတ်ပေးဖို့အပြင် ကျွန်တော်တို့အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အထောက်အကူပြုအားပေးဖို့အတွက်လည်း တာဝန်ရှိပါတယ်။ ဒါ့အပြင် ခြစားမှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြုရေး အပါအဝင် စီမံကိန်းအကောင်အထည်ဖော်မှုပိုင်းဆိုင်ရာမှာ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို ညှိနှိုင်းစီမံဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ကော်မတီဟာ ကျွန်တော်တို့ရဲ့ အေဂျင်စီတွေကို ပြန်လည်ပြင်ဆင်နေရာချထားရေးနဲ့ အားအင်ဖြည့်တင်းရေးလို ကိစ္စရပ်တွေကို ဗျူဟာချမှတ်ရပါတယ်။ အဓိကအေဂျင်စီတွေကတော့

  • the Economic and Financial Crimes Commission (EFCC),
  • the Independent Corrupt Practices Commission (ICPC),
  • the Code of Conduct Bureau (CCB) နဲ့
  • the Code of Conduct Tribunal (CCT)

တို့ပဲဖြစ်တယ်။ ဒီ့အပြင် ကျွန်တော်တို့ရဲ့ ရာဇဝတ်မှု တရားစီရင်ရေးကို ပိုမိုကောင်းမွန်လာအောင် ပြင်ဆင်နိုင်မယ့် ဗျူဟာတွေကိုလည်း ချမှတ်ပေးရပါသေးတယ်။

ဒုစရိုက်သမားတွေရဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့အတူ ခြစားမှုတွေဟာလည်း တစ်နိုင်ငံတည်းရဲ့ တရားစီရင်ပိုင်ခွင့်ထဲမှာတင်ပဲ ဖြစ်နေတာမဟုတ်ပါဘူး။ ဒါကြောင့်လည်းပဲ ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားပါတယ်။ အဲ့လိုဆိုရာမှာ United Nations Office on Drugs and Crime (UNODC) အပြင် အခြား တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများကို ရည်ညွှန်းပါတယ်။ ဒါ့အပြင် United Nations Convention on Anti-Corruption (UNCAC) လိုမျိုး နိုင်ငံတကာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေကိုလည်း တိတိကျကျ လေးစားလိုက်နာဖို့ ကျွန်တော်တို့အနေနဲ့ သံဓိဌာန်ချထားပြီး ဖြစ်ပါတယ်။

စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ရာဇဝတ်မှု ကော်မရှင် (နှင့်)  လွတ်လပ်စွာရပ်တည်သော ခြစားမှုထိန်းချုပ်ရေး ကော်မရှင် [The Economic and Financial Crimes Commission (EFCC) and the Independent Corrupt Practices Commission (ICPC)]

ဒီကော်မရှင်နှစ်ခုဟာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ ခြစားမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုမှာ အက္ခရာကျတဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအဖွဲ့အစည်းနှစ်ခုအတွင်းမှာကို လုပ်ငန်းသဘောတရား ထပ်နေတာမျိုးတွေ၊ လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာ ဥပဒေရဲ့ လစ်ဟာမှုတွေ၊ ဘတ်ဂျက်နည်းပါးမှုတွေ၊ လူသားအရင်းအမြစ်မလုံလောက်မှုတွေ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အားနည်းမှုနဲ့ အဲ့ဒီအဖွဲ့အစည်းတွေအတွင်းမှာကို ရှိနေတဲ့ ခြစားမှုတွေ စတဲ့ စိန်ခေါ်မှုတွေ အများအပြားကို ရင်ဆိုင်နေရပြီး အဖွဲ့အစည်းရဲ့ တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်ခြင်း မရှိသေးတာကို သတိထားမိပါတယ်။

အဖွဲ့အစည်းတွေကို လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ရန်အတွက် လက်ရှိပြဌာန်းထားတဲ့ ဥပဒေတချို့ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဥပမာအားဖြင့် ICPC ဟာ ပြည်သူအများက လက်မှတ်ရေးထိုးဆန္ဒပြုတောင်းဆိုမှသာ မိမိတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို စတင်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲ့ဒီအနေအထားကို ပြုပြင်လိုပါတယ်။ ICPC အက်ဥပဒေကို ပြင်ဆင်ပြီး တိုင်ကြားသူမရှိပဲကို ခြစားမှုတွေကို စုံစမ်းစစ်ဆေးနိုင်အောင် လုပ်ပိုင်ခွင့်ကို တိုးချဲ့ပေးလိုပါတယ်။

ICPC နဲ့ပတ်သက်ပြီး ပြုပြင်လိုတာတွေကတော့

၁။ အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်ဒမ် နဲ့ တောင်အာဖရိကတို့မှာလို ပိုင်ဆိုင်မှုထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့အတွက်  ICPC ကို လုပ်ပိုင်ခွင့်အာဏာ ပေးအပ်လိုပါတယ်။ ဒါမှသာ တရားမဝင်တဲ့နည်းလမ်းနဲ့ ရရှိတဲ့ ပိုင်ဆိုင်မှုတွေကို ပိုင်ဆိုင်သူဟာ တရားခံပြေးဖြစ်သွားတဲ့ အခါဖြစ်စေ၊ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ရတဲ့အခါဖြစ်စေ၊ ပိုင်ရှင်ကို ဆက်သွယ်ဆောင်ရွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အခါမှာ ဖြစ်ပါစေ၊ အဲ့ဒီပိုင်ဆိုင်မှုတွေကို သိမ်းယူထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

၂။ EFCC နဲ့ လုပ်ငန်းသဘာဝတူပြီး နှစ်ခါပြန်ထပ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို သေသေချာချာ ဖယ်ရှားပိုင်းခြား သတ်မှတ်ပေးခြင်းအားဖြင့် အဖွဲ့အစည်းနှစ်ရပ်ဟာ မိမိတို့ တာဝန်နဲ့ရည်မှန်းချက်ကို ထိရောက်အောင် ပိုပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

၃။ ICPC ကို နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖတ်အဖွဲ့အစည်းတွေ၊ ကမ္ဘာလုံးဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီတွေထံမှ ငွေကြေးနဲ့ အခြားထောက်ပံ့မှုများကို လက်ခံရယူနိုင်ခွင့်ကိုလည်း ပေးလိုပါတယ်။ လက်ရှိ ICPC အက်ဥပဒေက အဲ့ဒီလို ရယူမှုကို တားမြစ်ထားပါတယ်။

EFCC နဲ့ ပတ်သက်ပြီးတော့ -

၁။ လူတစ်ယောက်ဟာ သူ့ရဲ့ လက်ရှိနဲ့ အတိတ်ရဲ့ အခြေအနေ၊ အနေအထား အရပ်ရပ်အရ ဘယ်လိုမှ ဖြစ်နိုင်ချေမရှိတဲ့ လူအများ နားလည်လက်ခံအောင် ကြေကြေလည်လည် ရှင်းပြနိုင်ခြင်း မရှိပဲ လက်ဝယ်ရှိလာတဲ့ ပိုင်ဆိုင်မှုတစ်စုံတရာ ရှိမယ်ဆိုရင် ဒီလူကို တရားမဝင်တဲ့နည်းနဲ့ ချမ်းသာလာတယ်လို့ ယူဆခွင့် EFCC မှာ ရှိဖို့ လိုပါတယ်။

၂။ ICPC နဲ့ လုပ်ငန်းချင်း ထပ်နေတဲ့ အစိတ်အပိုင်းတွေကို လျှော့ချပြီး EFCC ရဲ့ စီရင်ပိုင်ခွင့်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ပေးဖို့လိုအပ်ပါတယ်။

၃။  ပိုင်ဆိုင်သူဟာ တရားခံပြေးဖြစ်သွားတဲ့ အခါဖြစ်စေ၊ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ရတဲ့အခါဖြစ်စေ၊ ပိုင်ရှင်ကို ဆက်သွယ်ဆောင်ရွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အခါမှာ ဖြစ်ပါစေ၊ တရားမဝင်တဲ့နည်းလမ်းနဲ့ ရရှိတဲ့ ပိုင်ဆိုင်မှုတွေကို EFCC အနေနဲ့ ထိန်းချုပ်ထားခွင့် လိုအပ်ပါတယ်။

၄။ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းမှုအတွက် သီးသန့် အေဂျင်စီတစ်ခုကို EFCC ကနေ ခွဲထုတ်ဖို့လိုအပ်ပါတယ်။ ယခင်က နိုင်ဂျီးရီးယားငွေကြေးဆိုင်ရာထောက်လှမ်းရေးယူနစ်ဟာ EFCC အောက်က ဌာနခွဲတစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် သီးသန့်ဌာနတစ်ခုအဖြစ် ခွဲထုတ်လိုက်ခြင်းအားဖြင့် အဲ့ဒီဌာနဟာ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်တွေ ရရှိလာမှာ ဖြစ်ပါတယ်။

ဒီပြုပြင်ပြောင်းလဲမှုတွေကို တရားစီရင်ရေးမဏ္ဍိုင်နဲ့ အတူလက်တွဲပြီး အကောင်အထည်ဖော်မယ်လို့လည်း ရည်ရွယ်ထားပါတယ်။ ICPC နဲ့ EFCC အနေနဲ့လည်း နည်းပညာအထောက်အပံ့ရယူရေး၊ ဝန်ထမ်းလေ့ကျင့်သင်ကြားပေးရေး၊ သတင်းအချက်အလက်ဝေမျှရေး အစရှိတာတွေကို အခြားသော မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေအနေနဲ့လည်း အခုအချိန်မှာ ကြိုးစားပမ်းစား တိုက်ဖျက်နေလို့ နိုင်ငံတကာမှာ ဒုစရိုက်မှုတွေက ရရှိလာတဲ့ ဝင်ငွေတွေကို သိုဝှက်ထားစရာနေရာတွေ လျော့နည်းလာပါတယ်။ ဒါပေမယ့်လည်း နေရာအသစ်တွေလည်း ထပ်မံပေါ်ထွက်လာနေပါတယ်။ ဒါကြောင့် နိုင်ငံခြားတိုင်းပြည်များနဲ့ အပြန်အလှန် ဥပဒေရေးရာ အထောက်အကူပေးရေးဆိုင်ရာ သဘောတူညီချက်တွေရဲ့ အဝန်းအဝိုင်းကို ချဲ့ထွင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ကွန်ရက်က ကြီးမားကျယ်ပြန့်လာပြီး တရားမဝင်ငွေကြေးတွေကို ပြန်လည်ရယူနိုင်မှာ ဖြစ်သလို၊ တရားမဝင်ပိုင်ဆိုင်မှုတွေကိုလည်း ပြန်လည်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

အေဂျင်စီတွေအနေနဲ့လည်း တခြားနိုင်ငံတွေရဲ့ ခြစားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စီရင်ပိုင်ခွင့်တို့ကို ထိထိမိမိ အသုံးချနိုင်ဖို့လိုပါတယ်။ ဥပမာတစ်ခုကတော့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရပ်ခြားခြစားမှုဆိုင်ရာဥပဒေပါ။ ပြောရရင်၊ သိပ်မကြာသေးခင်ကပဲ နာမည်ကြီးထင်ရှားတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေ ပါဝင်ပတ်သက်နေတဲ့ ခြစားမှု နှစ်ခုမှာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ တရားစီရင်ပိုင်ခွင့်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ခြစားမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုကို ဘယ်လောက် အကူအညီပေးနိုင်စွမ်းရှိလဲကို ထင်ရှားစေခဲ့ပါတယ်။

၁။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရပ်ခြားခြစားမှုဆိုင်ရာဥပဒေကြောင့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန် စာချုပ်အတွက် နိုင်ဂျီးရီးယား အစိုးရ တာဝန်ရှိသူတွေကို အမေရိကန်ဒေါ်လာ သန်း ၁၈၀ လာဘ်ထိုးခဲ့တဲ့ Kellogg, Brown & Root ကုမ္ပဏီအား အရေးယူနိုင်ခဲ့တယ်။

၂။ နောက်ထပ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အမှုတစ်ခုကတော့ ခြစားမှုစွဲချက်ပေါင်းများစွာရင်ဆိုင်နေရတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးကို နိုင်ဂျီးရီးယားတရားရုံးက လွှတ်ပေးခဲ့ပေမယ့် ယူနိုက်တက်ကင်ဒမ်မှာတော့ နိုင်ဂျီးရီးယားတရားရုံးမှာ တင်ပြခဲ့တဲ့ တူညီတဲ့ သက်သေခံပစ္စည်းတွေနဲ့ပဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

နောက်ပြီး အကြီးစား ခြစားမှုတွေဟာ တရားရုံးမှာ အချိန်အလွန်ကြာမြင့်တတ်ကြပါတယ်။ များသောအားဖြင့် ရာထူးရာခံကြီးတဲ့ အစိုးရအရာရှိများ စွဲဆိုခံထားရတဲ့ အမှုတွေဟာ ရုံးချိန်းကာလ ပုံမှန်အားဖြင့် ၈နှစ်ကနေ ၁၀နှစ်အထိ ကြာတတ်ပါတယ်။ သူတို့သာ အယူခံဝင်ရင် ၁၅ နှစ်လောက်အထိ ကြာတတ်ပါတယ်။ အဲ့လိုအခြေအနေမျိုးရောက်ရင် တရားစွဲဆိုခြင်း၊ စီရင်ချက်ချခြင်း အရေးကိစ္စတွေဟာ အချိန်ကာလကြာမြင့်လွန်းတာကြောင့် အားပျော့လာတတ်ကြပါတယ်။

ဝါရင့်ရှေ့နေတစ်ယောက်ဟာ ပဏာမကန့်ကွက်လွှာကို အသုံးပြုပြီး တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို ပြန်လည်မေးခွန်းထုတ်နိုင်ပါတယ်။ (တရားရုံးတွေဟာ အမှုတစ်ခုကို ကြားနာနိုင်ဖို့အတွက် အမှု၏ငွေကြေးတန်ဖိုး၊ အမှု၏သဘောသဘာဝ၊ အမှု၏တည်နေရာတို့ကိုလိုက်ပြီး စီရင်ပိုင်ခွင့် ရှိ၊မရှိ သတ်မှတ်ချက်တွေရှိပါတယ်။) ဆိုင်းငံ့မိန့် တောင်းခံတာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း စွပ်စွဲခံရသူအတွက် တားဝရမ်းကို တောင်းခံတာမျိုးလည်း ဆောင်ရွက်ပေးနိုင်ပါတယ်။ တားဝရမ်းအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီတွေဟာ စုံစမ်းစစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ၊ သံသယဖြစ်ဖွယ်ရာ ပုဂ္ဂိုလ်တွေကို တရားစွဲဆိုတာတွေ မလုပ်နိုင်တော့ပါဘူး။

ဒါပေမယ့်လည်း ၂၀၁၅ ခုနှစ်ထဲမှာ အတည်ပြု ပြဌာန်းနိုင်ခဲ့တဲ့ ရာဇဝတ်မှုများ စီမံမှု အက်ဥပဒေနဲ့ ဒီလို ဥပဒေကို လက်တစ်လုံးခြားလုပ်မှုတွေကို ဟန့်တားနိုင်တော့မှာ ဖြစ်ပါတယ်။ တရားစီရင်မှုအခြေအနေတွေ အရင်ကထက် ပိုတိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံရဲ့ ရာဇဝတ်မှုတွေကို စီရင်ရာမှာ ယခင်ကထက် ပိုမိုကောင်းမွန်လာအောင် ပြုပြင်ဆန်းသစ်မှုတွေ အများကြီး ဒီဥပဒေထဲမှာ ထည့်သွင်းရေးဆွဲထားပါတယ်။ ဥပမာအားဖြင့် ဆိုင်းငံ့မိန့်တောင်းခံတာကို တရားရုံးအနေနဲ့ လက်မခံတော့ပါဘူး။ ပဏာမကန့်ကွက်လွှာတွေကိုလည်း ခိုင်မာတဲ့စွဲချက်တွေနဲ့အတူ ယှဉ်တွေပြီး စစ်ဆေးသုံးသပ်မှာ ဖြစ်ပါတယ်။ စီရင်ချက်ချတဲ့အချိန်မှာ ကန့်ကွက်လွှာအတွက် အမိန့်ကိုပါ ချမှတ်မှာ ဖြစ်ပါတယ်။

ကျင့်ဝတ်စည်းမျဉ်းဆိုင်ရာဗျူရို Code of Conduct Bureau (CCB)

CCB ကို လွန်ခဲ့တဲ့ ၃၆ နှစ်ကတည်းက အစိုးရအရာရှိများရဲ့ သမာဓိ နဲ့ တာဝန်ခံနိုင်မှုကို အာခမံနိုင်ရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ တာဝန်စယူချိန်ကတည်းက မိမိပိုင်ဆိုင်မှု၊ မိမိမိသားစုဝင်များ ပိုင်ဆိုင်မှု တို့ကို အများပြည်သူသို့ ကြေငြာရမယ်။ တာဝန်မှအနားယူချိန်မှာလည်း ထိုနည်းလည်းကောင်း ထပ်မံကြေငြာရမယ် အစရှိသဖြင့် သတ်မှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းတွေ ရှိပါတယ်။ စည်းမျဉ်းချိုးဖောက်တဲ့ သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်တဲ့ အရေးယူအပြစ်ပေးမှုတွေ ပြုနိုင်ဖို့ CCB အနေနဲ့ ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာခုံရုံး (CCT) ကို ပို့ဆောင်နိုင်တဲ့ အာဏာရှိပါတယ်။ သို့ပေမယ့်လည်း အဂတိလိုက်စားမှုတွေဟာ နေရာတကာမှာ ပေါ်ပေါ်တင်တင် ဖြစ်ပွားနေပေမယ့် သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို လုံးဝ အသုံးမချပါဘူး။ အသုံးချခဲ့ရင်လည်း ရာထူးနိမ့်ဝန်ထမ်းများကိုသာ အပြစ်ပေးအရေးယူမှုများ လုပ်ဆောင်လေ့ရှိပါတယ်။

၁၉၆၀ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စင်္ကာပူနိုင်ငံရဲ့ အထိရောက်ဆုံး ပြုပြင်ပြောင်းလဲမှုတစ်ခုကတော့ "လူတွေဟာ သူတို့ရှာဖွေနိုင်တာထက် ပိုသုံးစွဲနေတာ ဖြစ်ပါစေ၊ ဒါမှမဟုတ် ကြေလည်အောင်မရှင်းပြနိုင်တဲ့ ဝင်ငွေ (သို့မဟုတ်) ပိုင်ဆိုင်မှု ရှိနေတာဖြစ်စေ၊ ဒါဟာ အဂတိလိုက်စားတယ်လို့ စွပ်စွဲနိုင်တဲ့ လုံလောက်တဲ့ သက်သေတစ်ခုအဖြစ် တရားရုံးတွေကို ယူဆနိုင်ခွင့်အာဏာ ပေးအပ်လိုက်တာပါပဲ" လို့ စင်္ကာပူခေါင်းဆောင်ကြီး လီကွမ်ယူးဟာ သူ့စာအုပ်ဖြစ်တဲ့ တတိယကမ္ဘာမှ ပထမကမ္ဘာသို့ စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပဉ္စမအကြိမ် ပြင်ဆင်ချက် အပိုဒ် ၁၁(ဂ) မှာလည်း အလားတူ ပြဌာန်းချက် တစ်ရပ်ပါရှိပါတယ်။ "ပြည်သူ့ဝန်ထမ်းတစ်ဦးသည် မိမိလစာပမာဏနှင့် ဝယ်ယူပိုင်ဆိုင်နိုင်ရန် မလွယ်ကူသည့ ပိုင်ဆိုင်မှုတစ်စုံတစ်ရာ ရှိနေလျှင် ထိုပိုင်ဆိုင်မှုသည် ကျင့်ဝတ်စည်းမျဉ်းအား ချိုးဖောက်ပြီး ရရှိသည်ဟု မှတ်ယူနိုင်သည်” ဆိုတဲ့ ပြဌာန်းချက်ပါ။ စဖွဲ့တဲ့နေ့ကစပြီး ၃၆ နှစ်လုံးလုံး၊ CCB ဟာ ဒီပြဌာန်းချက်ကို တစ်ကြိမ်တစ်ခါမှ ကိုးကားသုံးစွဲခဲ့ခြင်း မရှိပါဘူး။ ICPC ဖွဲ့စည်းတဲ့ အက်ဥပဒေရဲ့ ပုဒ်မ ၄၄(၂) မှာလည်း အလားသဏ္ဍန်တူတဲ့ ပြဌာန်းချက်ပါရှိပါတယ်။ ICPC ဟာလည်း ထိုပုဒ်မကို ၎င်းရဲ့သက်တမ်း ၁၅ နှစ်အတွင်း တစ်ကြိမ်တစ်ခါမျှ အသုံးမပြုခဲ့ပါဘူး။

CCB ကြုံတွေ့ရတဲ့ အဓိကပြဿနာက ပြည်သူ့ဝန်ထမ်းတွေဟာ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုကို တရားဝင် အသိပေးကြေငြာစရာ မလိုအပ်တာကြောင့် ဖြစ်တယ်။ ဒါကြောင့် စံပြခေါင်းဆောင်မှုအနေနဲ့ ဒုသမ္မတနဲ့ ကျွန်တာ်တို့ဟာ မိမိသဘောနဲ့ မိမိတို့ရဲ့ ပိုင်ဆိုင်မှုကို တင်ပြထားပြီး ဖြစ်ပါတယ်။ အစိုးရယန္တရားက အခြားသော အရာရှိများ ဝန်ထမ်းများဟာလည်း အလားတူ ပြုလုပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒါပေမယ့်လည်း တကယ်တမ်းပြောရရင် ပိုင်ဆိုင်မှုကြေငြာခြင်းပုံစံစာရွက် ထောင်နဲ့ချီပြီး တင်လာခဲ့ရင်လည်း CCB မှာ လုံလောက်တဲ့ ဝန်ထမ်းအင်အား၊ ငွေကြေးအင်အား မရှိပါဘူး။ ကျွန်တော်တို့ အစိုးရအနေနဲ့ လွှတ်တော်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။ ဒါ့အပြင် CCB နဲ့ မြေယာမှတ်ပုံတင်ဌာန ရဲ့ လုပ်ငန်းဆောင်တာတွေကို ကွန်ပြူတာစနစ်နဲ့ သိမ်းဆည်းရှာဖွေဖို့အတွက် ဖွံ့ဖြိုးရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေဆီကနေ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီထောက်ပံ့မှုကို တောင်းခံရပါလိမ့်မယ်။ ဒါ့အပြင် ပိုင်ဆိုင်မှုတွေကို ခြေရာခံနိုင်အောင် နိုင်ဂျီးရီးယားစတော့အိတ်ချိန်း၊ အာမခံနှင့်ငွေကြေးလဲလှယ်မှုကော်မရှင်၊ ကော်ပိုရိတ်ရေးရာကော်မရှင် အစရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ယခုဆိုရင် နိုင်ဂျီးရီးယား ဗဟိုဘဏ်ဟာ ဘဏ်တိုင်းမှာ (လက်ဗွေ၊ သူငယ်အိမ် အစရှိတဲ့) ဇီဝလုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါကြောင့် ဘဏ်စာရင်းတစ်ခုစီတိုင်းရဲ့ ပိုင်ရှင်ကို တိတိကျကျ စုံစမ်းစစ်ဆေးလို့ လွယ်ကူသွားပါတယ်။

ကျင့်ဝတ်စည်းမျဉ်းဆိုင်ရာခုံရုံး Code of Conduction Tribunal (TTC)

CCB လိုပဲ CCT ကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကျော်ကတည်းက ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကျင့်ဝတ်စည်းကမ်း ချိုးဖောက်မှုနဲ့ CCB က စွဲချက်တင်လာတဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ အမှုကို စစ်ဆေးဆုံးဖြတ်ပေးဖို့အတွက် ဖြစ်ပါတယ်။ CCB ကိုယ်တိုင်ဟာ ကောင်းစွာမလည်ပတ်နိုင်တဲ့အတွက်ကြောင့် CCT ဟာလည်း ဘာမှ ထူးထူးထွေထွေ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အမှုအသေးအဖွဲ တချို့ကိုသာ ရာထူးမှထုတ်ပစ်ခြင်း၊ ပြည်သူ့ဝန်ထမ်းရာထူး ထပ်မံ မခန့်အပ်ရန် ကန့်သတ်ခြင်း၊ တရားမဝင်ပိုင်ဆိုင်မှုများအား ထိန်းချုပ်ခြင်း စသဖြင့် အနည်းအကျဉ်းသာ ဆောင်ရွက်ခဲ့တယ်။

နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့

နိုင်ဂျီးရီးယားရဲတပ်ဖွဲ့ဟာ တခြားနိုင်ငံက ရဲတပ်ဖွဲ့တွေလိုပဲ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းပေဖို့ အဓိက တာဝန်ရှိပါတယ်။ ရဲတပ်ဖွဲ့ဟာ အဂတိလိုက်စားမှုတွေနဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေကို တိုက်ရိုက်ကိုင်တွယ်လေ့ မရှိပါဘူး။ ဒါ့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဝန်ထမ်းတွေ ကိုယ်တိုင်ဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ မကင်းပါဘူး။ ရဲတပ်ဖွဲ့ဟာလည်း အလားတူပါပဲ။ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာရေး (Transparency International) အဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာခြစားမှု ညွှန်းကိန်းများအရ၊ နိုင်ဂျီးရီးယားနိုင်ငံသား ၉၂ ရာခိုင်နှုန်းအနေနဲ့ ရဲတပ်ဖွဲ့ဟာ အကျင့်ပျက်မှုတွေ ရှိနေတယ်လို့ လက်ခံထားပါတယ်။ အဲ့ဒီ ယေဘူယျအမြင်ကို ကျွန်တော်တို့ သိရှိလက်ခံထားပြီး ပြုပြင်ပြောင်းလဲရေးအတွက် ခြေလှမ်းတွေ စလှမ်းရပါတော့မယ်။

တရားစီရင်ရေးမဏ္ဍိုင်

အဂတိလိုက်စားမှုကို အောင်အောင်မြင်မြင်နဲ့ တိုက်ဖျက်ဖို့အတွက် အလွန်အရေးပါတဲ့ အခြားအဖွဲ့အစည်းကတော့ တရားရေးမဏ္ဍိုင်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ တရားရေးမဏ္ဍိုင်ကိုယ်တိုင်ကလည်း အဂတိတရားမကင်းပြန်ပါဘူး။ ဒါပေမယ့် အဲ့စွပ်စွဲချက်ကို သက်သေထူဖို့ ခက်ပါတယ်။ တရားရေးမဏ္ဍိုင်က ဦးဆောင်ပုဂ္ဂိုလ်များကလည်း ဒီယေဘူယျအမြင်ကို သိရှိနားလည်ထားတယ်လို့ ယူဆနိုင်ပါတယ်။ တရားခွင်ရဲ့ စက်ဆုပ်ဖွယ်ရာ ဆုံးဖြတ်ချက်တချို့ဟာ ထင်သာမြင်သာ ရှိတာမို့ ဒီကိစ္စကို ဖုံးဖုံးဖိဖိလုပ်ဖို့ မလွယ်ပါဘူး။ ဥပမာဆိုရရင် ရဲတပ်ဖွဲ့နဲ့ ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီတွေ အနေနဲ့ အထင်ကရ နိုင်ငံရေးသမားတွေကို စုံစမ်းစစ်ဆေး၊ ဖမ်းဆီး၊ တရားစွဲဆိုတာမျိုး မလုပ်နိုင်အောင် ရာသက်ပန်တားဝရမ်း ထုတ်ပေးထားတာလို တရားရုံးတွေရဲ့ အကျင့်ပျက်မှုတွေ အထင်အရှား ရှိထားပါတယ်။

တရားရေးမဏ္ဍိုင်ရဲ့ ဦးဆောင်သူများကလည်း သီလ၊သမာဓိနဲ့ ပြည့်စုံတဲ့ တရားသူကြီးတွေကို ရွေးချယ်ပြီး အဂတိလိုက်စားမှုတွေကို စီရင်ဖို့ တာဝန်ပေးအပ်နေပါတယ်။ ဒါ့အပြင် အကျင့်ပျက် တရားသူကြီးတွေကိုလည်း အငြိမ်းစားပေးခြင်းအပါအဝင် စည်းကမ်းပိုင်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်ပြီး တရားစီရင်ရေးစနစ် သန့်စင်ရေးကို အားထုတ်ကြိုးပမ်းနေကြပါတယ်။ ဒါပေမယ့်လည်း တရားသူကြီးတွေရဲ့ စည်းကမ်းကျမှုဟာ အမျိုးသားတရားစီရင်ရေးကောင်စီရဲ့ ဝတ္တရားသာဖြစ်ပါတယ်။ ကောင်စီရဲ့ ဖွဲ့စည်းပုံ၊ အဖွဲ့ဝင်ရွေးချယ်ပုံ နဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်မယ့် အလားအလာတွေကိုလည်း လေ့လာဆန်းစစ်နေပါတယ်။ ဒါဟာ တရားရေးမဏ္ဍိုင်က စဉ်းစားရမယ့် အချက်တွေ ဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့၊ ကျွန်တော်တို့ဟာ ခြစားမှုတိုက်ဖျက်ရေး အရှိန်အဟုန် ပိုမိုအားကောင်းလာအောင် အောက်ပါ အခန်းကဏ္ဍတွေမှာ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်။

ပြည်သူ့ဝန်ထမ်းများ၏ လုပ်ခလစာ နည်းပါးခြင်းနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်း

ကျယ်ပြောတဲ့ ပြုပြင်ပြောင်းလဲရေး အဆင့်တွေနဲ့ အတူ၊ တချို့သောပြည်သူ့ဝန်ထမ်းရာထူးအများအတွက် သင့်တင့်လျောက်ပတ်တဲ့ လုပ်ခလစာကို ပြန်လည်ချိန်ညှိပေးဖို့ လိုပါတယ်။ တက္ကသိုလ်ကျောင်းထွက် ဝန်ထမ်းသစ်တစ်ဦးဟာ ပြည်သူ့ဝန်ထမ်းတစ်ဦးအနေနဲ့ အမေရိကန်ဒေါ်လာ ၃၀၀ ခန့်ပဲ ရရှိနိုင်ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ငွေကြေးဖောင်းပွမှု၊ စားဝတ်နေရေးစရိတ် ကြီးမြင့်မှုတွေဟာ တရားဝင်လခအပြင် အောက်ဆိုက်ဝင်ငွေ ရယူဖို့အတွက် တွန်းအားတွေ ဖြစ်လို့နေပါတယ်။

လီကွမ်ယူးကတော့ သူဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ဖို့အတွက် စာရင်းကိုင်အရာရှိများကို ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းများရဲ့ ရာထူးတူဝန်ထမ်းများ ရရှိတဲ့ လစာအတိုင်း တိုးမြှင့်ပေးခဲ့တယ်။ ကျွန်တော်တို့အတွက်တော့ ချက်ချင်း အဲ့လိုလုပ်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လက်ရှိဘဏ္ဍာရေးအခြေအနေအရ - အလေအလွင့်တွေကို ထိန်းချုပ်နိုင်ခဲ့တာတစ်ကြောင်း၊ ယိုပေါက်ဟာပေါက်တွေကို ပိတ်ဆို့နိုင်ခဲ့တာတစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာတစ်ချို့ကို လက်ဝယ်ပြန်လည်ရရှိအောင် ကြိုးပမ်းနိုင်ခဲ့တာတစ်ကြောင်း၊ ကြောင့် တချို့သော အရေးကြီးရာထူးတွေအတွက် လခတိုးမြှင့်ဖို့ အဆိုပြုထားပါတယ်။ ဒါ့အပြင် တချို့သော ပြည်သူ့ဝန်ထမ်းရာထူးတွေအတွက် ချီးမြှင့်ငွေ၊ စရိတ် နဲ့ အဆောင်အယောင်တွေကို ပြန်လည်လျှော့ချနိုင်ဖို့ သုံးသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ရေနံလုပ်ငန်းအား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်း

အဓိကအသက်သွေးကြောပေမယ့် ခြစားမှုအများဆုံး လုပ်ငန်း ဖြစ်တဲ့ ရေနံလုပ်ငန်းကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်မှာတွေက -

  • နိုင်ဂျီးရီးယား အမျိုးသား ရေနံကော်ပိုရေးရှင်း၏ ၃လပတ် စာရင်းစစ် အစီရင်ခံစာ ထုတ်ပြန်ကြေငြာခြင်း
  • ရေနံအား သန့်စင်ပြီးထုတ်ကုန်ဖြင့် လဲလှယ်ခြင်းအား ရပ်တန့်ခြင်း
  • ရေနံထုတ်ကုန်များ တင်သွင်းရန် ချမှတ်ထားသည့် (ရေရှည်တည်တံ့နိုင်ခြင်း မည်သို့မျှ မရှိသည့်) နိုင်ဂျီးရီးယားနိုင်ငံသုံး နိုင်ရာငွေ ၁ ထရီလျံ ဘတ်ဂျက်အား ရပ်တန့်နိုင်ရန်အတွက် ပြည်တွင်း ရေနံကြိုချက်သန့်စင်နိုင်စွမ်းအား မြှင့်တင်ခြင်း
  • သန့်စင်ပြီးထုတ်ကုန်များဝယ်ယူရာတွင် ဝယ်ယူမှုအား ထုတ်ပြန်ကြေငြာခြင်း နှင့် အမှန်တကယ်သုံးစွဲသည့် ကိန်းဂဏန်းများဖြင့် ပြန်လည်တိုက်ဆိုင်စစ်ကြောခြင်းအားဖြင့် ပွင့်လင်းမြင်သာမှု ရှိစေခြင်း။
  • မိတ်ဖက်များ ဖန်တီး၍ အချက်အလက်များ မျှဝေနိုင်ရန် နှင့် ရေနံခိုးယူမှုများအား ခြေရာခံနိုင်ရန် အဆင့်မြင့်နည်းပညာများ အသုံးချခြင်း။
  • သယံဇာတထုတ်ယူသုံးစွဲသည့်လုပ်ငန်းများ ပွင့်လင်းမြင်သာခြင်းရှေ့ဆောင် the Extractive Industries Transparency Initiative (EITI) အဖွဲ့အစည်းတွင် နိုင်ဂျီးရီးယားနိုင်ငံအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်း။ ငွေကြေးစီမံခန့်ခွဲမှုအား တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း။

ခြစားမှုပြီးလျှင် နိုင်ငံစီးပွားရေးအား အထိခိုက်စေဆုံး အရာနှစ်ခုကတော့ ပြည်သူ့ဘဏ္ဍာ အလေအလွင့် ဖြစ်ခြင်း နှင့် ပြည်သူ့ဘဏ္ဍာအား စီမံခန့်ခွဲမှုလွဲမှားခြင်း တို့ဖြစ်ပါတယ်။ ဒါတွေ လျော့နည်းလာအောင် ဆောင်ရွက်နိုင်ဖို့ အလွန်ပဲအရေးကြီးပါတယ်။ နိုင်ငံတော်ဘတ်ဂျက်ငွေထဲက ၇၀ ရာနှုန်းကနေ ၈၀ ရာနှုန်းဟာ (ရင်းနှီးမြှုပ်နှံတဲ့ ငွေကြေး မဟုတ်ပဲ) နိုင်ငံတော်ယန္တရားကြီးရဲ့ လည်ပတ်မှု ကုန်ကျစရိတ် ဖြစ်နေပါတယ်။ အဲ့ဒီအနက်ကမှ အဆင့်မြင့် အရာရှိကြီးတွေအတွက် ချီးမြှင့်ငွေတွေဟာ နိုင်ငံတော်အတွက် အကြီးစားကုန်ကျစရိတ်တွေ ဖြစ်နေတာပါပဲ။

ပြည်သူ့ဝန်ထမ်းတွေရဲ့ နိုင်ငံတကာခရီးသွားလာမှုတွေကိုလည်း သိသိသာသာ လျှော့ချဖို့ ရှိပါတယ်။ အလုပ်တာဝန်အရ အမှန်တကယ်လိုအပ်မှသာ ခရီးသွားလာဖို့ ကြပ်မတ်ရပါလိမ့်မယ်။ ဒါ့အပြင် မလိုအပ်ပဲ အထူးတန်း၊ အထက်တန်းတွေနဲ့ ခရီးသွားလာခြင်းမျိုးတွေကိုလည်း ကန့်သတ်မှုတွေ ထားရပါလိမ့်မယ်။

ဒီ့အပြင် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးရုံးများ၊ ဌာနများ၊ အေဂျင်စီများရဲ့ အလုပ်ပြီးမြောက်တွင်ကျယ်မှုကို စောင့်ကြည့်ဖို့အတွက် ဌာနတစ်ခု သီးသန့်ထားရှိသွားပါမယ်။အစိုးရရဲ့ လည်ပတ်မှုကုန်ကျစရိတ်တွေအားလုံးကို သုံးသပ်ဖို့၊ အလေအလွင့် နည်းပါးစေဖို့ နဲ့ လုပ်ငန်းဆောင်တာတွေကို အချိန်တိုတိုအတွင်း အောင်မြင်ပြီးမြောက်နိုင်စွမ်းကို အားပေးမြှင့်တင်ဖို့ စတာတွေဟာ ဒီဌာနရဲ့ အဓိကရည်မှန်းချက်တွေ ဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့ ကျွန်တော်တို့ဟာ ပြည်သူပိုင်ပစ္စည်းဝယ်ယူရေးဥပဒေကို လက်ရှိထက်ပိုပြီး အသက်ဝင်အားကောင်းလာအောင် တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားပါမယ်။ အစိုးရဌာနတွေရဲ့ ပစ္စည်းဝယ်ယူမှုတွေဟာ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ အတိအကျ ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။

အစိုးရရဲ့ အမြတ်တော်ခွန်တွေ၊ ငွေချေပြေစာတွေ၊ ဝင်ငွေစီးဆင်းမှုတွေကို ကြပ်မတ်ခြင်း ကင်းခဲ့တဲ့ ဆယ်စုနှစ်များစွာ ကြာပြီးတဲ့ နောက်မှာ၊ ကျွန်တော်တို့ဟာ အခုအခါမှာတော့ ဖွဲ့စည်းပုံအတိုင်း အစိုးရဘဏ်စာရင်းတွေအားလုံးကို နိုင်ဂျီးရီးယားဗဟိုဘဏ်က ထိန်းသိမ်းထားတဲ့ ဗဟိုဘဏ္ဍာတိုက်စာရင်း (Single Treasury Account) အနေနဲ့ ပေါင်းစည်းလိုက်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ငွေအဝင်အထွက် စာရင်းအားလုံးကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်နိုင်ပါပြီ။ ယိုပေါက်ဟာပေါက်တွေကိုလည်း ပိတ်ဆို့ နိုင်ပါပြီ။ အကျိုးဆက်အနေနဲ့ အစိုးရရဲ့ အမြတ်တော်ခွန်တွေ၊ ငွေချေပြေစာတွေ၊ ငွေပေးချေမှုတွေကို စီမံခန့်ခွဲရာမှာ အရင်ကထက် ပိုပြီး ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေ ရှိလာပါတယ်။

ကျွန်တော်တို့ဟာ ဝန်ကြီးဌာနတွေကို လျှော့ချပြီး ပိုကျစ်လစ်တဲ့အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ရည်ရွယ်ထားပါတယ်။ များပြားလှတဲ့ အစိုးရပိုင်လုပ်ငန်းတွေနဲ့ အေဂျင်စီတွေကိုလည်း ပြန်လည်သုံးသပ်ဖို့ ရှိပါတယ်။ တချို့လုပ်ငန်းတွေဆို အရှုံးပေါ်ပြီး ရပ်ဆိုင်းနေပါပြီ။ ဥပမာဆိုရရင် ပြည်သူ့တိုင်ကြားမှုများကော်မရှင်ဟာ ၂၀၁၄ခုနှစ် မှာ ချထားပေးခဲ့တဲ့ နိုင်ယာငွေ ၂.၉၂၇ ဘီလီယံလုံးကို ဌာနဝန်ထမ်းတွေရဲ့ လခအဖြစ် သုံးစွဲခဲ့ပါတယ်။

အခြားသောဌာနများအနက် တော်တော်များများမှာလည်း လုပ်ငန်းသဘောသဘာဝတူညီနေတဲ့ ဌာနတွေဖြစ်နေတာကြောင့် မလိုအပ်တော့တဲ့ အနေအထေားမျိုးဖြစ်နေပါတယ်။ ဥပမာဆိုရရင် ပြည်တွင်းဖြစ် နည်းပညာတွေကို အားပေးမှုပြုဖို့ ၂၀၁၄ ခုနှစ်မှာ ဘတ်ဂျက် နိုင်ယာငွေ ၄၆၆ သန်း ချပေးထားတဲ့ နည်းပညာရယူသုံးစွဲရေး နှင့် အားပေးကူညီရေးရုံး ဟာ သတင်းနည်းပညာကဏ္ဍ ဖွံ့ဖြိုးဖို့ ၂၀၁၄ခုနှစ်မှာ ဘတ်ဂျက် နိုင်ယာငွေ ၃၃၉.၀၁ သန်း ချပေးထားတဲ့ နိုင်ဂျီးရီးယား သတင်းနည်းပညာဖွံ့ဖြိုးရေးအေဂျင်စီ နဲ့ လုပ်ငန်းသဘောသဘာဝချင်း အတူတူပါပဲ။

အဲ့ဒီလို သဲသဲကွဲကွဲမရှိပဲ ထပ်နေတဲ့ လုပ်ငန်းသဘောဘာဝ ရှိတဲ့ အေဂျင်စီတွေကို အရှိန်အဟုန်အပြည့်နဲ့ ကျစ်လစ်သွားအောင် ပြောင်းလဲပေးရမယ်။ အခြေအနေအရ ပင်မဝန်ကြီးဌာနနဲ့ လိုအပ်သလို ပြန်လည်ပေါင်းစည်းမယ်။ လုံးဝမလိုအပ်တော့ရင် အပြီးတိုင် ဖျက်သိမ်းရလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ ထပ်ပြီး ပြောလိုတာကတော့ ခြစားမှုကို တိုက်ဖျက်တဲ့အတွက် နိုင်ဂျီးရီးယားနိုင်ငံဟာ ရေတို၊ ရေရှည် အကျိုးဖြစ်ထွန်းမှုတွေကို လက်တွေ့ကျကျ မြင်တွေ့နေရပါပြီ။ တချို့တွေကတော့ ကျွန်တော်ဒီ အက်ဆေးထဲမှာ ရေးထားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ခဲယဉ်းမယ်လို့ မြင်ကောင်းမြင်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ “မိုင်တစ်ထောင် ခရီးကို ခြေတစ်လှမ်းနဲ့ပဲ စတင်ပါတယ်”  ဆိုတဲ့ ဆိုရိုးစကားကို ယုံကြည်ပါတယ်။ ကျွန်တော့်မှာ ပထမဆုံးခြေလှမ်းကို လှမ်းဖို့ စိတ်ဆန္ဒအပြည့်အဝ ရှိပါတယ်။ ရေရှည် ကြိုးပမ်းအားထုတ်သွားရင် ကျွန်တော်တို့ဟာ အလေအလွင့်နည်းပါးလို့ ဓနအင်အားတောင့်တင်းလာနိုင်မှာဖြစ်ပြီး ရထားလမ်း၊ ကားလမ်းနဲ့ လျှပ်စစ်စွမ်းအင်လို့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို အရှိန်အဟုန်နဲ့ တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကျွမ်းကျင်မှုစွမ်းရည် ရယူနိုင်ရေး နဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလို လူမှုအစီအမံတွေကိုလည်း အကောင်အထည်ဖော်ရပါမယ်။ စိုက်ပျိုးရေး၊ တွင်းထွက်သတ္ထု၊ ရေနံဓာတု၊ အခြား ဆက်စပ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးပြီး မတူကွဲပြားမှုတွေ စုံလင်တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့စီးပွားရေးအတွက် လုပ်ငန်းလုပ်ကိုင်ရ လွယ်ကူချောမွေ့တဲ့ ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါမယ်။

ဒီတိုးတက်ဖြစ်ထွန်းမှုတွေဟာ ပြည်တွင်းနဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့  အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပြီး ဆင်းရဲမွဲတေမှု၊ ရာဇဝတ်မှုနဲ့ မလုံခြုံမှုတို့ကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ "အဂတိလိုက်စားမှုဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးသော ရာဇဝတ်မှုတွေ ဖြစ်ပွားအောင် မီးမွှေးပေးနိုင်ခဲ့တယ်။ အကြမ်းဖက်မှုအရှိန်အဟုန်ကို အားကောင်းစေခဲ့တယ်။ အကြမ်းဖက်မှုကို တွန်းလှန်တဲ့ တော်လှန်ရေးသမားတွေကို အားပျော့ချိနဲ့စေခဲ့တယ်။ အကြမ်းဖက်မှုတွေကို ဖြစ်မြောက်အောင် ပံ့ပိုးပေးနိုင်တယ်။ အဆိုးဆုံးကတော့ အကြမ်းဖက်မှုကို ချေမှုန်းဖို့ တာဝန်ပေးခြင်းခံရတဲ့ စစ်တပ်ကိုပါ အတွင်းအထိ လှိုက်စားအောင် ပြုနိုင်စွမ်းခဲ့တယ်။ ဒီအဖြစ်အပျက်တွေဟာ လူအများကို ဒေါသထွက်စေပြီး တော်လှန်ရေးကြီးတစ်ခုအထိ အသွင်ပြောင်းသွားနိုင်တဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ၂၀၁၁ခုနှစ် အာရပ်ကမ္ဘာမှာ ကြုံတွေ့ခဲ့ရသလို အဲ့ဒီလို တော်လှန်ရေးကြီးတွေမှာ မရေရာတဲ့ ဒုတိယမ္ပိ၊ တတိယမ္ပိ အကျိုးဆက်လှိုင်းတွေ ရှိတတ်ပါတယ်။” လို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးကာနက်ဂျီရန်ပုံငွေ အဖွဲ့ရဲ့ အကြီးတန်းအဖွဲ့ဝင် ဆာရာချရက်စ် ပြောတဲ့ စကားဟာ မှတ်သားစရာကောင်းပါတယ်။

ဒါကြောင့် ခြစားမှု တိုက်ဖျက်ရေးဟာ ကျွန်တော်တို့ တစ်နိုင်ငံထဲရဲ့ အကျိုးစီးပွား မဟုတ်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံနယ်နိမိတ်ထဲမှာပဲ တိုက်ဖျက်ဖို့ မဖြစ်နိုင်ပဲ တကမ္ဘာလုံးအတိုင်းအတာနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့လည်း အရေးကြီးပါတယ်။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog