mastodon

ပြဿနာ ဖြေရှင်းနည်း (၅)မျိုး

January 10, 2007

ရှောင်လွှဲခြင်း (Avoidance/Withdrawing)

ပဋိပက္ခတစ်ခုကို ရှောင်လွှဲမယ်ဆိုရင်တော့ ဘယ်လို ကွဲလွဲမှုမျိုးကိုမှ ဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ သင်ဟာ သံတမန်ဆန်ဆန် ပဋိပကကို ရှောင်လွဲပါမယ်။ ပိုသင့်တော်တဲ့ အချိန်တစ်ခုအထိ အချိန်စွဲပါမယ်။ ဒါမှမဟုတ် အဲ့လို အခြေအနေတွေကနေ (အပြီးအပိုင်) နောက်ဆုတ်လိုက်ပါလိမ့်မယ်။ ဒီရွေးချယ်မှုကြောင့် သင့်ရဲ့ ဆန္ဒရော၊ တစ်ဖက်လူနဲ့ ဆက်ဆံရေးမှာရော သင် လိုက်လျော ရပါတယ်။

ဥပမာ။ ။ သူငယ်ချင်းက Dagon Centre သွားချင်တယ်။ ကိုယ်က North Point သွားချင်တယ်။ ဒီနေ့ မသွားတော့ဘူးလို့ ဆုံးဖြတ်တာ။

ရင်ဆိုင်ခြင်း (သို့) အနိုင်ယူခြင်း (Competing/Forcing)

ဒီရွေးချယ်မှုမှာတော့ သင်ဟာသင့်ရဲ့ အင်အားမှန်သမျှကို သုံးပါလိမ့်မယ်။ သင့်ရဲ့ အငြင်းအခုံစွမ်းရည်၊ သင့်ရဲ့ ရာထူးအဆင့်အတန်း နဲ့ လုပ်ပိုင်ခွင့်တွေ အပါအဝင်ပေါ့။ ကိုယ့်မှန်တယ် ထင်တာကို စွဲစွဲမြဲမြဲ လက်ကိုင်ထားပြီး တစ်ဖက်လူရဲ့ စိတ်ခံစားချက်နဲ့ လိုအင်ကို ထည့်စဉ်းစားလေ့ မရှိပါဘူး။ ပဋိပက္ခတစ်ခုမှာ အနိုင်ရမဲ့လူ တစ်ယောက်ပဲ ရှိမယ်လို့ ယုံကြည်ထားပါတယ်။

ဥပမာ။ ။ North Point ပဲ သွားမယ်လို့ ငြင်းတာ။

အလျော့ပေးလိုက်လျောခြင်း (Accommodating/Smoothing)

အလျော့ပေးတာကတော့ ရင်ဆိုင်ခြင်းရဲ့ ဆန့်ကျင်ဘက် အစွန်းပေါ့။ ကိုယ့်ရဲ့ စိတ်သန်ရာကို စွန့်လွှတ်အရှုံးပေးပြီး တဖက်လူနဲ့ ဆက်ဆံရေးကို အပျက်မခံ ထိန်းသိမ်းပါတယ်။ တခြားလူရဲ့ ဆန္ဒနဲ့ ရေလိုက်ငါးလိုက် နေပေးပြီး ကိုယ့်ကို အမြဲနှစ်သက်လက်ခံနေအောင် ကြိုးစားပါတယ်။

ဥပမာ။ ။ ရှင်းပါတယ်။ Dagon Centre လိုက်ပေးလိုက်တာ။

နှစ်ဦးနှစ်ဖက် အလျော့ပေးရန် ညှိနှိုင်းခြင်း (Compromising/Bargaining)

ဒီရွေးချယ်မှုကတော့ ရင်ဆိုင်တာရယ်၊ အလျော့ပေးတာရယ် နှစ်ခုရဲ့အလယ်မှာပေါ့။ တစ်ဖက်လူဆီက တစုံတရာ ရဖို့ သင်က တစုံတရာ ရဖို့ သင်က တစုံတရာ ပေးပါတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် သင့်ရဲ့ ဆန္ဒတချို့နဲ့ သူ့ရဲ့ဆန္ဒတချို့ ပြည့်ဝနိုင်တယ်လို့ တစ်ဖက်လူကိုလဲ လက်ခံလာအောင် ဆွဲဆောင်လို့ ရပါတယ်။ သင့်အနေနဲ့တော့ အလျော့ပေးရတာ တချို့ရှိပါတယ်။

ဥပမာ။ ။ အေး၊ ဒီတစ်ခါ Dagon Centre လိုက်ပေးလိုက်မယ်။ နောက်တစ်ခါ နင် North Point ပြန်လိုက်ပေးရမယ်။

နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေရှာခြင်း (Collaborating/Problem-solving)

ညှိနှိုင်းအဖြေရှာတာက ရှောင်လွှဲခြင်းရဲ့ ဆန့်ကျင်ဖက်ပေါ့။ နှစ်ဖက်လုံးကို စိတ်ကျေနပ်စေနိုင်မယ့် အကောင်းဆုံးသော အဖြေကို တစ်ဖက်လူနဲ့ အတူ လက်တွဲရှာရမှာပေါ့။ ပဋိပကကို နှစ်ဖက်လုံးနဲ့သက်ဆိုင်တဲ့ ပြဿနာ (Mutual Problem) တစ်ခုအနေနဲ့ မြင်တယ်။ တကယ်ဖြစ်နေတဲ့ ပြဿနာရဲ့ အရင်းခံကို တူးဆွပြီး နှစ်ဖက်လုံးရဲ့ ဆန္ဒတိုင်းကို ပြည့်စေနိုင်တယ့် အဖြေတစ်ခုကို ရအောင်ထုတ်တယ်။ ပဋိပကကို သုံးသပ်ပြီး တစ်ဖက်လူကို လေ့လာတယ်။ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို ဖြစ်နိုင်မှု အခြေခံထားပြီး ပြန်သုံးသပ်တယ်။ နှစ်ဖက်လုံးရဲ့ ကြိုးပမ်းမှုနဲ့ ဖန်တီးမှုကောင်းတဲ့ ဖြေရှင်းချက်တစ်ခုရဖို့ကိုပဲ ပို အာရုံထားတယ်။

ဥပမာ။ ။ နှစ်ယောက်လုံး ဝယ်ချင်တာတွေကို သေသေချာချာ သုံးသပ်ပြီး City Mart မှာပဲ သွားဝယ်ဖို့ ဆုံးဖြတ်လိုက်တာ။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog