mastodon

Jamus Lim

July 09, 2020

ဝါသနာကရှိလေတော့ စင်္ကာပူက အရင်လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ လာမယ့်သောကြာနေ့မှာ လုပ်မယ့် စင်္ကာပူရွေးကောက်ပွဲအကြောင်း အာလာပသလ္လာပ ပြောဖြစ်ကြတယ်။ ပြောရင်းနဲ့ သူက မင်း Jamus Lim ကိုသိလား.. အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ (အတိုက်အခံ) အလုပ်သမားပါတီရဲ့ ကိုယ်စားလှယ်လောင်း… နည်းနည်း လေ့လာကြည့်လိုက်ဆိုလို့.. လေ့လာတာ.. သဘောကျလို့ သူ့အကြောင်း ပြန်မျှဝေချင်တာပါ။

Jamus Lim

ပညာအရည်အချင်းလေးက စကြည့်ရအောင်…

၁၉၇၆ ခုနှစ်မှာ မွေးတဲ့ ဒီပုဂ္ဂိုလ်ဟာ စင်္ကာပူ Catholic High Primary School ကနေ မူလတန်းစလို့.. နာမည်ကြီး ကျောင်းဖြစ်တဲ့ Raffles Institution ကနေ အထက်တန်းအောင်တယ်။ အဲ့ဒီကမှတဆင့် နာမည်ကြီး ဒေသကောလိပ် (junior college) ဖြစ်တဲ့ Raffles Junior College ကို ဆက်တက်တယ်။ ဒီဂရီဘွဲ့ကိုတော့ သြစတြေးလျနိုင်ငံ တောင်ပိုင်းကွင်းစလန် တက္ကသိုလ် (Southern Queesland University) ကနေ ဘောဂဗေဒအထူးပြုပြီး ဂုဏ်ထူးတန်းက အောင်မြင်ခဲ့တယ်။ ဒီဂရီဘွဲ့အပြီးမှာ…

၁။ ၂၀၀၂ ခုနှစ်မှာ ဘောဂဗေဒ မဟာဘွဲ့ကို လန်ဒန်ဘောဂဗေဒကျောင်း (London School of Economics) ကနေ..

၂။ ၂၀၀၈ ခုနှစ်မှာ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ နဲ့ ဘောဂဗေဒ ဒေါက်တာဘွဲ့ကို ကယ်လီဖိုးနီးယားတက္ကသိုလ် (University of California, Santa Cruz) ကနေ..

၃။ ၂၀၁၈ ခုနှစ်မှာ သမိုင်း မဟာဘွဲ့ကို ဟားဗတ်တက္ကသိုလ် (Harvard University) ကနေ

ရရှိခဲ့တယ်။ မဟာဘွဲ့ ၃ ခုနဲ့ ဒေါက်တာဘွဲ့ ၁ ခု ရရှိထားသူပါ။ ဒေါက်တာဘွဲ့လွန် သုတေသနကိုတောင် ဟားဗတ်တက္ကသိုလ် (Harvard University) မှာပဲ ၂၀၁၄ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ ဆက်လုပ်ခဲ့ပါသေးတယ်။

အလုပ်အကိုင် အနေနဲ့ကတော့ Institute for Southeast Asian Studies (ISEAS) မှာ မူဝါဒရေးရာတွေ ကိုင်တွယ်ခဲ့ဘူးတယ်။ (ISEAS ဆိုတာ လွှတ်တော်က တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် ဒေသတွင်း နိုင်ငံခြားရေးမူဝါဒနဲ့ဆိုင်တဲ့ မဟာဗျူဟာအတွက် ပံ့ပိုးပေးတဲ့ သုတေသနအဖွဲ့အစည်း တစ်ခုပါ။) ကမ္ဘာ့ဘဏ်မှာ အကြီးတန်းဘောဂဗေဒပညာရှင်တစ်ယောက်အနေနဲ့ လုပ်ကိုင်ခဲ့ဖူးသလို အရှေ့အလယ်ပိုင်းက အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှုအာဏာပိုင် အဖွဲ့အစည်းမှာလည်း ဦးဆောင်ဘောဂဗေဒပညာရှင်အနေနဲ့ လုပ်ကိုင်ဖူးပါတယ်။

ဒါ့အပြင်… ဒီပုဂ္ဂိုလ်ဟာ… ကော့တေးဖျော်စပ်ရာမှာလည်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး… ဝိုင် (အရက်) နဲ့ပတ်သက်လို့ အတော်နှံ့နှံ့စပ်စပ် ဗဟုသုတရှိထားသူ တစ်ဦးပါ။ ဒါ့အပြင် အသိအမှတ်ပြု (ordained) ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦး (minister) လည်း ဖြစ်ပါတယ်တဲ့။ စင်္ကာပူတိုက်ကွမ်ဒိုအသင်းကြီးက ပေးတဲ့ ခါးပတ်နက်ရထားတဲ့ တိုက်ကွမ်ဒိုသမားတစ်ဦးလည်း ဖြစ်ပြီး အထက်တန်းကျောင်းသားဘဝက ရဂ်ဘီဘောလုံးအားကစားမှာ ထူးချွန်လို့လည်း ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ရွက်လှေအားကစားမှာလည်း certificate ရရှိထားသူဖြစ်တဲ့အပြင်… ဒရမ်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်စွမ်းရှိပါတယ် တဲ့။လက်ရှိမှာတော့ ESSEC Business School ရဲ့ တွဲဘက်ပါမောက္ခ အနေနဲ့ရော စင်္ကာပူ ရင်းနှီးမြှုပ်နှံမှုအတိုင်ပင်ခံလုပ်ငန်းတစ်ခုမှာ ဦးဆောင်ဘောဂဗေဒပညာရှင်အနေနဲ့ လုပ်ကိုင်နေတယ်။

သူ့ CV: http://www.jamus.name/cv_lim.pdf

Profile picture
Written/Curated by Thant Zin Oo
← Back to Blog