ကြယ်စုများအား စွန့်ခွာဖြတ်ကျော်စွန့်စားခြင်း

August 30, 2020

ဝန်ခံချက်။ အောက်ပါ စာစုသည် ဒါရိုက်တာခရစ္စတိုဖာနိုလန် ရိုက်ကူးသည့် အင်တာစတယ်လာ (Interstellar) ရုပ်ရှင်အား ပြန်လည်ခံစားအတွေးပွားထားသည့် ယူကျု (YouTube) ဗီဒီယိုအား အခြေခံလျက် ဆီလျော်အောင် ထုတ်နှုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး အခြားပြင်ပမှအချက်အလက်အချို့လည်း ပါဝင်နိုင်သည်။

Transcending Time | Interstellar's Hidden Meaning Behind Love and Time

ဒါရိုက်တာခရစ္စတိုဖာနိုလန်ဟာ အချိန်ရဲ့သီအိုရီအပေါ် အတော်အလေးအနက်ထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ အခုဒီရက်ပိုင်းထွက်လာတဲ့ TENET ဆိုတဲ့ ရုပ်ရှင်ဟာလည်း အချိန်ပြောင်းပြန်ဖြစ်မှုနဲ့ ဆက်စပ်ပြီး တတိယကမ္ဘာစစ်ဖြစ်လာမယ့် အခြေအနေကို မင်းသားက ကယ်တင်ရတဲ့ ဇာတ်လမ်းမျိုးပါ။

ဒီစာမှာတော့ အင်တာစတယ်လာရုပ်ရှင်ထဲမှာပါတဲ့ အချိန်နဲ့၊ ချစ်ခြင်းမေတ္တာရဲ့ အချိန်အပေါ် သက်ရောက်မှုကိုပဲ ချဉ်းကပ်ကြည့်မှာပါ။ တခြား အချိန်ဖြစ်စဉ် (timeline) တွေ၊ သိပ္ပံသဘောတွေအကြောင်းတွေကို ဗဟိုမပြုပါဘူး။


ချစ်ခြင်းမေတ္တာ

ဇာတ်လမ်းရဲ့ ကျောရိုးလည်းဖြစ်၊ အဓိကအကျဆုံး စကားပြောခန်းလဲ ဖြစ်တဲ့ ဒေါက်တာအမီလီယာဘရန်းရဲ့ ချစ်ခြင်းမေတ္တာတရားဟာ လေးနက်ပြီး ကြီးမားပြင်းထန်တဲ့ အကျိုးသက်ရောက်မှုရှိကြောင်း ပြောတဲ့စကားလေးကို ပြန်ကြည့်ကြရအောင်…

Scene from Interstellar

ချစ်ခြင်းမေတ္တာဟာ… ကျွန်မတို့ လူတွေနားလည်ထားတဲ့ စိတ္တဇနာမ်သဘောတရားထက်ပိုမိုလေးနက်ပြီး ဖြစ်နိုင်တာတစ်ခုကတော့ ကျွန်မတို့ သေချာ ဂဃနဏ နားမလည်သေးတဲ့…. အဲ့ဒီချစ်ခြင်းမေတ္တာဟာ သုံးဖက်မြင်လောကကြီး (3D / three dimensions) ထက် ပိုအဆင့်မြင့်တဲ့ ဒိုင်မန်းရှင်းတစ်ခုက လျှံကျလာတဲ့ ဝိသေသတစ်ခုတောင် ဖြစ်နိုင်ပါတယ်

ဒေါက်တာအမီလီယာဘရန်း

ဒီနေရာမှာ သုံးဖက်မြင်လောကဆိုတာလေးက တွေးကြည့်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးက ဝင်ရိုးသုံးခုနဲ့ တည်နေတာပါ။ သင်္ချာမှာတော့ x, y, z ဝင်ရိုးတွေပေါ့လေ။ နှစ်ဖက်မြင်လောကဟာ ဘယ်လိုမျိုးလဲလို့… တွေးကြည့်ရင် တွေးလို့ရတာတစ်ခုက ကျွန်တော်တို့ရဲ့ အရိပ်တွေပါ။ အရိပ်မှာ တတိယဝင်ရိုးမရှိပါဘူး။ အရိပ်ကို သက်ရှိသတ္တဝါတစ်ခုလို့ ယူဆကြရအောင်။ (Vashta Nerada?) သူတို့ကို ခုန်ပါ လို့ ပြောရင် သူတို့ နားမလည်နိုင်ပါဘူး။ သူတို့ဟာ ဘောင်နှစ်ဖက်ကြားမှာ ပိတ်နေတဲ့ သူတွေပါ။ အဲ့လိုပဲ ကျွန်တော်တို့ဟာလည်း ဘောင်သုံးဘက်ကြားမှာ ပိတ်နေတဲ့သူတွေပါ။ အရိပ်တွေအတွက် တတိယဝင်ရိုးဟာ ပိုအဆင့်မြင့်တဲ့ ဒိုင်မန်းရှင်းရဲ့ ဝိသေသတခုပါ။ သူတို့ အဲ့သဘောတရားကို လွယ်လွယ်နားမလည်နိုင်ပါဘူး။ အဲ့ဒီသဘောတရားအတိုင်းပဲ ချစ်ခြင်းမေတ္တာဟာ ကျွန်တော်တို့ သုံးဖက်မြင်လောကထက် ပိုမြင့်တဲ့ 1 ဒိုင်မန်းရှင်းတစ်ခုရဲ့ ဝိသေသတခုဖြစ်နိုင်တယ်။ သိပ်အားကြီးပြီး လူတွေအနေနဲ့ သိရှိခံစားနိုင်ပေမယ့် အလုံးစုံနားမလည်နိုင်ဘူးလို့ ပြောသွားတာပါ။

တဆက်စပ်တည်းပြောသွားတဲ့စကားက ပိုပြီးတောင် လေးနက်ပါသေးတယ်။

ဖြစ်နိုင်တာတခုက…. ကျွန်မတို့လူသားတွေ သိရှိခံစားနိုင်တဲ့အရာတွေထဲမှာ ချစ်ခြင်းမေတ္တာတရားဟာ.. အချိန်နဲ့အာကာသရဲ့ ဘောင်ကွပ်မှုကို ဖောက်ဖျက်ထွက်နိုင်တဲ့ တစ်ခုထဲသော အရာပဲ

ဒေါက်တာအမီလီယာဘရန်း

တနည်းပြောရရင် အပေါ်မှာပြောခဲ့တဲ့ သုံးဖက်မြင်လောကကနေ ဖောက်ထွက်လွတ်မြောက်ဖို့ လူတွေနားလည်ထားတဲ့ တစ်ခုတည်းသောသဘောတရားက ချစ်ခြင်းမေတ္တာပါပဲ တဲ့။)

နောက်ကဏ္ဍမကူးခင် ဒီနေရာမှာ တစ်ချက်လေး ဖြည့်ပြောချင်တာက အရိပ်အတွက် တတိယဝင်ရိုးဟာ နားမလည်နိုင်စရာကိစ္စတစ်ခု… ကျော်ထွက်ရွေ့လျားနိုင်ခြင်းမရှိတဲ့ ဝင်ရိုးဆို… ကျွန်တော်တို့လူသားတွေ ကျော်ထွက်ရွေ့လျားနိုင်ခြင်းမရှိတဲ့ စတုတ္ထဝင်ရိုးကတော့ သိပ္ပံဆောင်းပါးတိုင်း ဆွေးနွေးလေ့ရှိတဲ့ အချိန် ပါပဲ။

အချိန်ဆိုတာ… ဘာလဲ။


အချိန်

အချိန်ဆိုတာ… ဘာလဲ ဆိုတဲ့ မေးခွန်းကို သိပ္ပံပညာရှင်တွေရဲ့ အဖြေလေးတွေ ကြည့်ကြည့်ရအောင်။..

လူတွေဟာ အချိန်ဆိုတာ ဘာလဲလို့ အမေးမခံရမချင်း… အချိန်ကို တရင်းတနှီး သိကြသူတွေချည်းပဲ

အချိန်ရဲ့ ဘယ်သဘောသဘာဝ တစ်ခုကိုမှ ကျွန်တော်တို့တွေ ဂဃနဏ နားလည်ထားတာ မရှိပါဘူး

အတော်အားရစရာ ကောင်းတဲ့ အဖြေတွေပါ။

သိပ္ပံရဲ့အလိုအရ အချိန်ဟာ အစမှအဆုံး တည်မြဲတည်နေပြီးသား စတုတ္ထဝင်ရိုးပါ။ ကျွန်တော်တို့ သုံးဖက်မြင်လောကသားတွေရဲ့ အမြင်မှာတော့ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ရယ်လို့ အလှည့်စားခံနေရတာပါ။ ဘာလို့လဲဆိုတော့ စက္ကန့်တိုင်းမှာ ကျွန်တော်တို့ဟာ အချိန်ဝင်ရိုးပေါ်မှာ တစ်နေရာမှာပဲ နေခွင့်ရတာပါ။ ကိုယ်လိုသလို အရှေ့၊အနောက်ရယ်လို့ ရွှေ့လို့မရပါဘူး။ 2

Screen grabbed from original Youtube video

အတိတ်ဆိုတဲ့ နေရာကနေ အနာဂတ်ဆိုတဲ့ နေရာကို စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ လားရာတခုတည်းနဲ့ မတိမ်းမစောင်းသွားနေရတာပါ။ တနည်းအားဖြင့် ကျွန်တော်တို့ဟာ အချိန်ရဲ့ ပိတ်လှောင်အကျဉ်းချခြင်းကို ခံနေရတဲ့ အကျဉ်းသားတွေပါ။


အချိန်နဲ့ ဆွဲငင်အား

အချိန်ဟာ လူတိုင်းအတွက် အကျဉ်းထောင်လို့ ဆိုပေမယ့် လူတိုင်းဟာ အချိန်ကို ခံစားရပုံခြင်းကတော့ ကွာပြန်ပါတယ်။ လူတစ်ယောက် ဆွဲငင်အား ကြီးမားလွန်းတဲ့ နေရာတစ်ခုမှာ ရှိနေရင် သူ့အတွက် အချိန်ဟာ နှေးသွားပါတယ်။ မရပ်သွားပါဘူး။ လားရာမပြောင်းပါဘူး။ ဒီဝင်ရိုးပေါ်မှာပဲ အရွေ့နှေးသွားရုံသက်သက်ပဲ ဖြစ်ပါတယ်။

ဒါကို သိပ္ပံပညာရှင်တွေဟာ အက်တမ်နာရီတွေသုံးပြီး သက်သေပြထားပြီးပါပြီ။ အက်တမ်နာရီဆိုတာ အက်တမ်အမှုန်လေးတွေရဲ့ လည်နှုန်းပေါ်မှာ အချိန်ကို တွက်တာပါ။ အက်တမ်လေးတွေဟာ တစ်စက္ကန့်ကို အပတ်ရေ သန်း ၅ ထောင်ကနေ သန်းပေါင်း သန်းပေါင်း ၄၃၀ လောက်အထိ လည်တာမို့ တိကျမှု အရမ်းကို အားကောင်းတာပါ။ တနည်းဆိုရရင် တစက္ကန့်ရဲ့ သန်း ၅ ထောင်စိတ် ၁ စိတ်လောက် အတိမ်းအစောင်းကိုတောင် ထောက်လှမ်းနိုင်တာမျိုးပါ။

စမ်းသပ်မှုပုံစံက အက်တမ်နာရီတစ်လုံးကို ကမ္ဘာ့ဆွဲအားနဲ့ ဝေးရာ မြင့်တဲ့ တောင်ပေါ်ဒေသတစ်ခုမှာထားပြီး နောက်နာရီတစ်လုံးကိုတော့ ပုံမှန်အတိုင်းမြေပြင်မှာပဲထားပြီး အချိန်ကာလတစ်ခုအကြာမှာ နာရီနှစ်ခုရဲ့ ကွာဟချက်ကို လေ့လာတာပါ။ တောင်ပေါ်နာရီဟာ တောင်အောက်ကနာရီထက် ပိုမြန်နေတာတွေ့ကြရတာပါ။ ဒီနေရာမှာ သတိပြုရမှာက ငါ တောင်ပေါ်တက်နေလိုက်ရင် အချိန်တွေ မြန်မြန်ကုန်ကုန်တော့မှာပဲလို့ သွားမတွေးပါနဲ့။ ကွာဟာချက်က လူတွေအတွက် ဘယ်လိုမှ သက်ရောက်မှုရှိတဲ့ တစက္ကန့်ရဲ့ သန်းနဲ့ချီတဲ့ အပုံတွေထဲက နည်းနည်းလောက်လေး ပိုမြန်တာပါ။ ဘယ်လိုနည်းနဲ့မှ လူတွေ သတိမမူမိနိုင်တဲ့ ပမာဏပါ။

တောင်ပေါ်နဲ့ တောင်အောက်ရဲ့ ကမ္ဘာ့ဆွဲငင်အားကွာခြားချက်ဟာ မပြောပလောက်ပေမယ့် စကြဝဠာထဲက တွင်းနက်ကြီး (black holes) တွေရဲ့ ဆွဲငင်အားကတော့ အဆသန်းပေါင်းများစွာပိုကြီးပါတယ်။ ဒါဟာ အင်တာစတယ်လာရုပ်ရှင်ရဲ့ အချိန်အပေါ်အဓိပ္ပါယ်ဖွင့်ဆိုမယ့် အခြေခံအခင်းအကျင်းတစ်ခုပါပဲ။

ရေအပြည့်နဲ့ မစ်လ္လာ့ ဂြိုဟ်ပေါ်မှာ ပြင်းထန်လွန်းတဲ့ ဆွဲအားကြောင့် (အသက်မကြီးပဲ) အချိန်ဝင်ရိုးအတိုင်း မြန်မြန်ဆန်ဆန်ရွေ့သွားတာကို သိလိုက်တဲ့အခါမှာ မားဖ်ရဲ့အဖေဟာ ဒေါက်တာဘရန်းကို အားကိုးတကြီးနဲ့ ကုန်သွားတဲ့အချိန်တွေကို (တနည်း.. သူ့သမီးလေးနဲ့အတူ ဖြတ်သန်းရမယ့် အချိန်တွေ) ပြန်ရဖို့ ဖြစ်နိုင်လား လို့ မေးပါတယ်။ ဒေါက်တာဘရန်းရဲ့ အဖြေက−

Scene from Interstellar

အချိန်က နှိုင်းရသဘောဆိုတာ ဟုတ်ပါတယ်။ ကျုံ့တဲ့၊ ဆန့်တဲ့သဘော ရှိပါတယ်။ ဒါပေမယ့် အချိန်ဟာ နောက်ပြန်ဘယ်တော့မှ မသွားပါဘူး တဲ့…။


အင်တာစတယ်လာရုပ်ရှင်နဲ့ အချိန်

ဒါရိုက်တာ ခရစ်စတိုဖာနိုလန်ဟာ သူ့ရုပ်ရှင်တွေမှာ ရုပ်ရှင်ထဲက အရှိတရားတွေ၊ သဘောတရားတွေကို ရုပ်ရှင်ကြည့်နေတဲ့ ပရိသတ်တွေ အတူလိုက်ပြီး ခံစားရအောင် စနစ်တကျထည့်ရိုက်လေ့ရှိတယ်။ အင်တာစတယ်လာရုပ်ရှင်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဇာတ်ကောင်ရဲ့ အချိန်ကျုံ့ခြင်း၊ဆန့်ခြင်း အပေါ် သိရှိခံစားမှုနဲ့ ဇာတ်ကောင်အပေါ် အချိန်ရဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေကို ရုပ်ရှင်ကြည့်ပရိသတ်ကပါ ဇာတ်ဆောင်တွေနဲ့ တထပ်တည်းလို အတူစီးမျောခံစားရအောင် ရိုက်ကူးထားတာဟာ နိုလန်ရဲ့လက်ရာပါပဲ။

အဲ့တာကို ဘယ်လိုတွေ့နိုင်လဲဆိုတော့… ရုပ်ရှင်ရဲ့ ကနဦးပိုင်း အခန်းတွေဟာ ပုံမှန်အချိန်ရဲ့ ရွေ့လျားပုံအတိုင်း ဖြည်းဖြည်းမှန်မှန်နဲ့ ဇာတ်လမ်းကို တကွက်ခြင်း ခင်းကျင်းပြနေတာမျိုးပါ။ ဇာတ်ကောင် (အထူးသဖြင့် မာ့ဖ်ရဲ့အဖေ) ရဲ့ ဘဝဖြတ်သန်းမှု အတိုင်း ပရိသတ်က လိုက်ပါနေတာမျိုးပါ။ ဟိုခုန်၊ ဒီခုန် လုံးဝမရှိပါဘူး။

ဒါပေမယ့် wormhole တွေနဲ့ အိုင်စတိုင်းရဲ့ အချိန်ရဲ့ နှိုင်းရသီအိုရီတွေကို ဒေါက်တာဘရန်းက မာ့ဖ်ရဲ့အဖေကို ရှင်းပြပြီးချိန်ကစပြီး.. အချိန်ရဲ့ အကွေးအဆန့်ကို ဇာတ်ဆောင်နဲ့ အတူ ပရိသတ်ကပါ လိုက်ခံစားရစေတာကတော့ မာ့ဖ်အဖေရဲ့ ကုန်ဆုံးသွားတဲ့ အချိန်အပေါ် စိတ်အလိုမကျမှု ဝမ်နည်းပက်လက်ဖြစ်မှုတွေနဲ့ ခုနကလေးတင် ချာတိတ်မလေးပဲ ရှိသေးတဲ့ မာ့ဖ်တစ်ယောက် လူကြီးလုံးလုံး ဖြစ်လာတဲ့ အခန်းတွေကို ဇာတ်ဝင်ခန်း (scene) တွေ ဟိုခုန် ဒီခုန် ပြစေတဲ့ ဒါရိုက်တာရဲ့ တင်ဆက်မှုပါပဲ။

Scene from Interstellar

Scene from Interstellar

နာရီပိုင်းလေးအတွင်း ကိုယ့်သမီးရဲ့ ဆယ်ကျော်သက်အရွယ်၊ နှစ်ဆယ်ကျော်သက်အရွယ် အကုန်လုံးကို ဆုံးရှုံးလိုက်ရပြီဆိုတာကို သိလိုက်ရတဲ့ အဖေတစ်ယောက်ရဲ့ ဟာတာတာ ခံစားချက်ကို ဇာတ်ဆောင်နဲ့အတူ ပရိသတ် ခံစားနိုင်အောင် ရိုက်ပြခဲ့တာပါပဲ။


အချိန် (သို့မဟုတ်) ညှာတာမှုမဲ့သော အကျဉ်းထောင်

နိုလန်ဟာ သူ့ရုပ်ရှင်တွေထဲမှာ လူတိုင်းလူတိုင်း အမြဲလိုလို ထိတွေ့ရင်းနှီးပြီးသား သဘောတရားတွေကို တည်ပြီး ပိုပြီးလေးနက်ရှုပ်ထွေးတဲ့ သဘောတရားတစ်ခုအနေနဲ့ ဆချဲ့ပြီးတင်ဆက်လေ့ရှိတယ်။ သူဖန်တီးပြီး အရမ်းအောင်မြင်တဲ့ နောက်ရုပ်ရှင်တကားဖြစ်တဲ့ Inception ဆိုတဲ့ ရုပ်ရှင်မှာလည်း… လူဟာ အိပ်မက်မက်တဲ့အခါမှာ တကယ့်အရှိတရားလို ခံစားရတယ် ဆိုတဲ့ လူတိုင်းမှာရှိပြီးသား အတွေ့အကြုံပေါ်အခြေခံပြီး အိပ်မက်ကိုအသုံးချလို့ လူတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းကို လမ်းကြောင်းပေးလို့ ရတယ်ဆိုတဲ့ ပိုပြီးလေးနက်တဲ့ သဘောတရားကို ဆချဲ့ပြီး ဆွဲယူပြသွားခဲ့ပါတယ်။

Scene from Inception

အဲ့ဒီလိုပဲ အင်တာစတယ်လာရုပ်ရှင်ရဲ့ အဓိကဇာတ်အိမ်က လူတိုင်းခံစားတွေ့ကြုံရဖူးပြီးသားဖြစ်တဲ့ အချိန်ရဲ့အချုပ်အနှောင် ဆိုတဲ့ သဘောတရားပဲ ဖြစ်တယ်။ အဲ့ဒီသဘောတရားကို လှလှပပပုံဖေါ်တာကတော့ သူတို့ရဲ့ စီးတော်ယာဉ် နာရီပုံသဏ္ဌာန် အကန့် (၁၂) ကန့်နဲ့ လက်တံသဖွယ် ပြွန်လမ်းကြောင်းရှိ တဲ့ အန်ဒြူးရန့်စ် (Endurance) ပါပဲ။ အပြောကျယ်တဲ့ အာကသပြင်ကျယ်ကြီးထဲမှာ အာကသာယာဉ်မှူးတွေဟာ ယာဉ်ထဲမှာ ချုပ်နှောင်ခံထားရသဖွယ် (တနည်း အချိန်ရဲ့ ချုပ်နှောင်မှုကို ခံထားရသဖွယ်) ရိုက်ပြထားတာပါ။..

Scene from Interstellar

ဒါ့အပြင် နာမည်ကြီးဂီတပညာရှင် ဟန်းစ်ဇင်မာရဲ့ ဂီတကလည်း သည်းထိပ်ရင်ဖို ဇာတ်ဝင်ခန်းတွေရောက်ပြီဆိုရင် ၁ မိနစ်ကို တီးလုံး ၆၀ အထိ လျှော့ချလိုက်ပါတယ်။ (ကျွန်တော်ဖတ်ဖူးသလောက် ဂီတတွေရဲ့ တီးလုံးကြိမ်ရေ ကို လျှော့ချလိုက်ရင် နားထောင်သူရဲ့ နှလုံးခုန်သံပါ နှေးသွားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက သည်းထိတ်ရင်ဖိုအပြင် တီးလုံးကလည်း အမြင့်တီးတာမို့ လူဟာ ဖိုးသိုးဖတ်သတ်နဲ့မို့ နေရခက်အောင် လုပ်ထားတဲ့သဘောလို့ နားလည်ပါတယ်။)

အင်တာစတယ်လာရုပ်ရှင်ရဲ့ စိတ်ထိခိုက်စရာအကောင်းဆုံး ဇာတ်ဝင်ခန်းလို့ ဆိုနိုင်တဲ့.. မာ့ဖ်အဖေနဲ့ ဒေါက်တာဘရန်းတို့ မစ်လ္လာရဲ့ ဂြိုဟ် (ရေပြင်ကျယ်ဂြိုဟ်) ကနေ ပြန်လာပြီး အန်ဒြူးရန့်စ်ကို ရောက်တဲ့အခါ သူတို့ထွက်သွားတာ ၂၃ နှစ်ကြာသွားပြီဆိုတာကို သိလိုက်ရတယ်။ မစ်လ္လာဂြိုဟ်ပေါ်မှာ တစ်နာရီကုန်သွားတိုင်း အန်ဒြူးရန့်စ် (ကမ္ဘာဘက်ခြမ်း) မှာ အချိန် ၇ နှစ်ကုန်လွန်သွားတာပါ။ မာ့ဖ်အဖေနဲ့ ဒေါက်တာ ဘရန်းတို့ သွားလိုက်တဲ့ အချိန် ၃ နာရီ စွန်းစွန်းလေးမှာပဲ အသက်ဆယ်နှစ်အရွယ် မာ့ဖ်လည်း အသက် ၃၀ ကျော် အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့ပြီး… မာ့ဖ်ရဲ့အစ်ကိုကလည်း ကလေးတွေဘာတွေရလို့…။ ဒီ ၃ နာရီဆိုတဲ့အချိန်အတွင်းမှာပဲ ကိုယ့်ရဲ့အနာဂတ်လို့ မျှော်လင့်ခဲ့ရတဲ့ အရာတွေအားလုံးဟာ ခုတော့ ကိုယ်မပါခဲ့ရတဲ့ အတိတ်ဖြစ်ရပ်တွေ ဖြစ်ခဲ့ပြီ။ ဘာလို့ အဲ့ဒီအခန်းဟာ သိပ်ကို စိတ်ထိခိုက်ကြေကွဲစရာ ကောင်းတာလဲ…။

Scene from Interstellar

တကယ်တမ်းတော့ ရုပ်ရှင်ကြည့်ပရိသတ်ဖြစ်တဲ့ ကျွန်တော်တို့ဟာလည်း အဲ့လိုအချိန်ရဲ့ ပြန့်ကားတဲ့ဒဏ်ကို ကြုံတွေ့ဖူးကြမှာပါ။. ကိုယ်မပါလိုက်ပဲ ဖြစ်ပျက်သွားတဲ့ ကိုယ်ချစ်တဲ့သူတွေရဲ့ ဘဝဖြစ်စဉ်တွေကို ပြန်တွေ့တဲ့အခိုက်မှာ ကြည့်ရင်းကြည့်ရင်း စိတ်နှလုံးထဲ ကြီးမားတဲ့ လစ်ဟာမှုကို ခံစားကြရတာမျိုးပါ။ ဒီလိုခံစားမှုဟာ… သင်္ဘောပျက်လို့ ကျွန်းတစ်ခုမှာ နှစ်ပေါင်းများစွာ နေလိုက်ရတဲ့ သူတွေ၊ ဆယ်စုနှစ်ပေါင်းများစွာ ကွဲကွာနေရတဲ့ အချစ်ရဆုံးသူတွေနဲ့ ပြန်လည်ဆုံတွေ့ရသူတွေ၊ နှစ်ပေါင်းများစွာ အဝေးတနေရာမှာနေပြီး ဟိုးအရင်ကာလက နေခဲ့တဲ့ နေရာကို ပြန်လာသူတွေမှာ ခံစားရလေ့ရှိတဲ့ ပြင်းပြတဲ့ စိတ်ခံစားချက်တမျိုးပါ။

Scene from Interstellar

နေရာအပေါ်မှာဖြစ်တဲ့ ခံစားချက်ထက် ကုန်လွန်သွားတဲ့ အချိန်အပေါ်မှာ တသတဲ့၊ လစ်ဟာတဲ့ ခံစားချက်ပါ။ ကိုယ်မရှိတဲ့အခိုက်အတန့်မှာ ကိုယ်ပါဝင်ပတ်သက်ခံစားကြည်နူးရခြင်း ဘာတစ်ခုမှမရှိပဲ ဘဝတွေဟာ စဉ်ဆက်မပြတ် တရစပ် ရွေ့လျားပြောင်းလဲဖြစ်ပေါ်နေခဲ့တာကို ခံစားရခြင်းပါ။ တနည်းအားဖြင့် အာကာသဝန်းကျင်တစ်ခုမှာ ဘယ်လောက်၊ဘယ်လိုရွေ့လျားရွေ့လျား.. အချိန်ဝင်ရိုးကို ထွက်ပြေးဖို့ မဖြစ်နိုင်တဲ့ ကျဉ်းကြပ်တဲ့ စိတ်ခံစားမှုတစ်ခုပါပဲ…

တနည်းဆိုရရင်… ရုပ်ရှင်ရုံထဲကနေ အပေါ့အပါးသွားဖို့ အပြင်ခဏထွက်လိုက်တဲ့အခါ ဇာတ်ဝင်ခန်းတစ်ချို့ လွတ်သွားသလိုပေါ့။ တခါတရံတော့လည်း အရမ်းအရေးကြီးတဲ့ ဇာတ်ဝင်ခန်းဖြစ်တဲ့အခါ ကိုယ့်ရဲ့ ဟာတာတာခံစားချက်ကပိုကြီးတယ်။ ဒီသဘောပါပဲ။ ကိုယ်လွတ်သွားတဲ့ ဖြစ်စဉ်ဟာ ဘယ်လောက်အသေးအဖွဲဖြစ်ဖြစ် ဘယ်လောက်ကြီးမားကြီးမား… ကျွန်တော်တို့အားလုံးဟာ အချိန်ရဲ့မရပ်မနားသော အရွေ့အောက်မှာ ဘယ်လိုမှ ရုန်းထွက်လို့ မဖြစ်နိုင်ပဲ အလူးအလဲ ခံစားကြရပါတယ်။

နိုလန်ဟာ အချိန်ရဲ့ ဒီလိုကြမ်းကြုတ်တဲ့သဘောတရားကို ဆွဲအားကြောင့်အချိန်မဟာပြန့်ကားမှု နဲ့ ဆချဲ့ပြီး အင်တာစတယ်လာရုပ်ရှင်ကို ပရိသတ်ကို တင်ဆက်ခဲ့တာပါ။


အချိန်အား ဖောက်ထွက်လွတ်လပ်ခြင်း

ဒီလောက် ညှာတာမှုမဲ့တဲ့ အချိန်ကို ဘယ်လို အင်အားတွေနဲ့ ကျွန်တော်တို့ တွန်းလှန်ကြမလဲ။ ကျွန်တော်တို့ဟာ အချိန်ရဲ့ အချုပ်အနှောင်ကနေ ထွက်ပြေးဖို့ မဖြစ်နိုင်ပေမယ့် ဖောက်ထွက်လွတ်လပ်ဖို့တော့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ အရင်ကထက်ပိုပြီးကို အချိန်ရဲ့ အချုပ်အနှောင်ကနေ ဖောက်ထွက်ဖို့ လုပ်နေကြပါပြီ။ ကျွန်တော်တို့ လူသားတွေရဲ့ ထူးခြားတဲ့အရည်အသွေးတခုလို့ပဲ ဆိုရမယ်ထင်တယ်.. လူသားတွေမှာ အချိန်ကို ဖီဆန်နိုင်စွမ်းတွေ ရှိလာပါတယ်။ ဒါကတော့ တခြားမဟုတ်… ကိစ္စရပ်တွေကို အက္ခရာတင်၊ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတွေထားတာဟာ အချိန်ရဲ့ ကန့်သတ်ချက်ကို အနိမ့်ဆုံး သွေဖည်ခြင်းပုံစံတွေပါပဲ။

အတွေ့ရအများဆုံး သွေဖည်မှုပုံစံတွေကတော့ စာအုပ်တွေပေါ့။ စာအုပ်တွေဟာ လူသားတွေကို အတိတ်ကို ပြန်တူးဆွခွင့်ပေးထားပြီး အတိတ်ဖြစ်ရပ်တွေကို ပြန်လည်ဖတ်ရှူသိမြင်ခံစားခွင့် ပေးပါတယ်။

Scene from Interstellar

ဒီနေ့ဆို ကျွန်တော်တို့ဟာ အတိတ်ကဖြစ်ရပ်တွေကို ဓာတ်ပုံတွေ၊ အသံဖိုင်တွေ၊ ဂီတတွေ၊ ရုပ်ရှင်တွေကနေ ပြန်ခံစားခွင့်ရနေပါပြီ။ ဒီလိုအချိန်ကိုဖောက်ဖျက်ထွက်နိုင်တဲ့အစွမ်းကို အချိန်ဘောင်လွတ်ခြင်း (atemporality) လို့ ခေါ်ပါတယ်။ အဲ့လိုအချိန်ဘောင်မဲ့ခြင်းရဲ့ အကျိုးဆက်တစ်ခုကတော့ အဲ့လို အတိတ်ကိုပိုပိုပြီး သိမြင်ထိတွေ့ခွင့်ရလာတာနဲ့အမျှ ကျွန်တော်တို့ဟာ အချိန်ဘောင်ကနေ ပိုလွှင့်ထွက်သလိုဖြစ်လာတာပါပဲ။ ဒီသဘောတရားကို အင်တာစတယ်လာရုပ်ရှင်မှာ ဆချဲ့လိုက်တာကတော့.. ငါးဖက်မြင်လောကက အသိဉာဏ်ရှိတဲ့ သတ္တဝါမျိုးစိတ်တစ်ခု (bulk beings) ပါပဲ။ ကျွန်တော်တို့ ဝင်ရိုးသုံးခုပေါ် ကြိုက်သလိုရွေ့လျားနိုင်သလို သူတို့တွေဟာလည်း အချိန်ဝင်ရိုးအပေါ် ကြိုက်သလို သွားနိုင်ပါတယ်။ တနည်းဆိုရရင် သူတို့မှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတာလည်း မရှိတော့ပါဘူး။ အချိန်အားလုံးဟာ တချိန်ထဲ တပြိုင်ထဲမှာ အနန္တ ဖြစ်တည်နေတာပါ။ အဲ့ဒီလို အချိန်ကနေလုံးဝဥဿုန်ဘောင်လွတ်သွားမှုက သူတို့အတွက်က အားနည်းချက်တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့အတွက် အာကာသ−အချိန် တဒင်္ဂကို ရွေးချယ်ဖို့ခက်တာဟာ ဘာနဲ့တူလဲဆိုရင် ကျွန်တော်တို့အတွက် သမုဒ္ဒရာထဲက ကိုယ်လိုချင်တဲ့ ရေတစ်စက်ကို ရှာရခက်သလိုမျိုးပါ။

ဒီအခက်အခဲကို ကျော်လွှားဖို့အတွက် ကျွန်တော်တို့ဟာ အချိတ်အဆက် တစ်ခုတော့ လိုပါတယ်။ အဲ့ဒီအချိတ်အဆက်ကို ရဖို့အတွက် ငါးဖက်မြင်လောကသားတွေဟာ ဝင်ရိုးလေးခုနဲ့တည်ဆောက်ထားတဲ့ ကုဗဝတ္ထု (tesseract) ကို တည်ဆောက်ထားပါတယ်။

Scene from Interstellar

ဒါပေမယ့် အဲ့ဒီကုဗဝတ္ထုရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့ ကျွန်တော်တို့ဟာ ၁၉၆၂ မှာ ပြသခဲ့တဲ့ ပြင်သစ်ရုပ်ရှင် “လာရှတေး” La Jetée ကို အရင်နားလည်ဖို့ လိုပါလိမ့်မယ်။


လာရှတေး La Jetée

လာရှတေး ဟာ ၁၉၆၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ မိနစ်−၃၀ ကြာမြင့်တဲ့ ပြင်သစ်ဇာတ်လမ်းတိုတခုဖြစ်ပြီး… ရုပ်အရှင်ဇာတ်ကားမဟုတ်ပဲ ဓာတ်ပုံတွေကို တစ်ပုံချင်းပြလို့ အနောက်ကနေ ဇာတ်လမ်းကိုရှင်းပြတဲ့ ပုံစံနဲ့ရိုက်ကူးထားတာပါ။ ဇာတ်ကြောင်းလှန်နေသူဟာ သူ့လက်ထဲမှာ ဇာတ်လမ်းအစက အဆုံးရှိနေပြီး ဓာတ်ပုံတစ်ပုံချင်းစီ (frame by frame) ကို ပြပြီး ရှင်းပြနေတဲ့ပုံစံနဲ့ ရိုက်ထားတာပါ။

La Jetée 1962 english subtitles La Jetée (1962)

ဇာတ်လမ်းအကျဉ်းက−

တတိယကမ္ဘာစစ်ကြောင့် ပဲရစ်မြို့ကြီး ပျက်စီးသွားပြီး လူတွေဟာ ဓာတ်ရောင်ခြည်သင့်မှုကနေ ရှောင်ရှားနိုင်ဖို့ မြေအောက်ထဲမှာ ခိုလှုံနေထိုင်နေကြရပါတယ်။ အဲ့ဒီမှာ သိပ္ပံပညာရှင်တစ်စုဟာ ပစ္စုပ္ပန်ရဲ့ အခြေအနေတွေ တိုးတက်လာအောင် အတိတ်ကို အချိန်ခရီးသွားပြီး လိုအပ်တဲ့ သင်ခန်းစာတွေယူနိုင်ဖို့ ကြံစည်ကြပါတယ်။ သူတို့ဟာ ထောင်သားတွေနဲ့ သူတို့ရဲ့ စမ်းသပ်မှုကို လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် အဲ့လို အပြောကျယ်တဲ့ အချိန်−အာကာသ လွင်ပြင်ထဲကို အချုပ်အနှောင်မဲ့ရောက်သွားတာနဲ့ ထောင်သားတွေဟာ ကမ္ဘာစစ်မဖြစ်ခင်က တိကျတဲ့ အချိန်တဒင်္ဂကို မချိတ်ဆက်နိုင်ပဲ ရူးနှောက်ကုန်ကြပါတယ်။ အဲ့လိုပဲ ငါးဖက်မြင်လောကသားတွေဟာလည်း တိကျတဲ့ အချိန်−အာကာသ တဒင်္ဂကို မချိတ်ဆက်နိုင်ဖြစ်နေတာပါ။ ဒါပေမယ့် နောက်ဆုံးမှာ သူတို့ဟာ လူတစ်ယောက်ကို ပို့နိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလူမှာ သူ အင်မတန် ပြတ်ပြတ်ထင်ထင်မှတ်မိထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်သွင် သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေလို့ပါ။

Scene from La Jetée

“တကယ်တော့ အောက်မေ့တသစရာတွေဟာ ပုံမှန်အဖြစ်အပျက်တွေလိုပဲ ဖြစ်တာပါပဲ။ ဘာပဲကွာခြားသွားသလဲဆိုတော့ အဲ့လိုအဖြစ်အပျက်တွေဟာ စိတ်ဒဏ်ရာတွေချန်ထားစရာဖြစ်ခဲ့ရတဲ့ အခါမှာ… နောင်အခါ အောက်မေ့တသစရာတွေ ဖြစ်လာတာပါပဲ…

ဒီအမျိုးသမီးရဲ့ ရုပ်သွင်ဟာ နြူကလီးယားဗုံးဒဏ်တွေကို ကြံ့ကြံ့ခံ ရှင်ကျန်ရစ်ခဲ့တဲ့၊ စစ်မဖြစ်ခင် ငြိမ်းချမ်းရေးကာလရဲ့ တစ်ခုတည်းသော အမှတ်တရ…

ဒါပေမယ့် သူတခါတခါ စဉ်းစားမိတာက သူဒီအမျိုးသမီးကို တကယ်တွေ့ခဲ့တာလား.. ဒါမှမဟုတ် နောက်ဆက်တွဲကြုံတွေ့ရမယ့် ခါးသီးဆိုးရွားတဲ့ အဖြစ်အပျက်တွေကို ရင်ဆိုင်ကျော်လွှားဖို့အတွက် ဖန်တီးလိုက်တဲ့ သိမ်မွေ့နူးညံ့တဲ့ အမှတ်တရ တစ်ခုလား..”

(လာရှတေးရုပ်ရှင်ဟာ အင်တာစတယ်လာရုပ်ရှင်ကိုတင် လွှမ်းမိုးမှုရှိတာမဟုတ်ပဲ နောက်ထပ်နာမည်ကြီး အချိန်ခရီးသွားရုပ်ရှင်တစ်ကားဖြစ်တဲ့ 12 Monkeys ကိုလည်း လွှမ်းမိုးမှုရှိပါတယ်။)


မာ့ဖ် (သို့မဟုတ်) လာရှတေးရဲ့ အမျိုးသမီးရုပ်သွင်

လာရှတေးရဲ့ သဘောတရားကို အင်တာစတယ်လာနဲ့ ယှဉ်ထိုးကြည့်တဲ့အခါမှာ ကုဗဝတ္ထုဟာ မာ့ဖ်အဖေအပေါ်မှာ မမူတည်ပဲ မာ့ဖ်ပေါ်မှာ သွားမူတည်တာကို တွေ့ရပါလိမ့်မယ်။ မာ့ဖ်ကသာ အချိန်ရဲ့ အချုပ်အနှောင်ကို ဖောက်ထွက်လွတ်မြောက်ခဲ့တာ။ ဆယ်နှစ်အရွယ်သမီးငယ်လေးကို သူဘယ်လိုမှ နားမလည်တဲ့ တစ္ဆေတစ်ကောင်နဲ့ အိပ်ခန်းထဲမှာ ထားခဲ့ပြီး ထွက်သွားခဲ့လို့.. စိတ်ဒဏ်ရာရနေတဲ့ မာ့ဖ်၊ နှစ်ပေါင်း ၂၀ ကျော်ကြာအောင် အဖေ့ရဲ့ ဂျက်ကက်အင်္ကျီကို ဝတ်ပြီး အဖေပြန်လာဖို့ စောင့်မျှော်နေတဲ့ မာ့ဖ်..။

Scene from Interstellar

Scene from Interstellar

အတိတ်ကို တွယ်တာစိတ်ပြင်းပြလွန်းတဲ့၊ ဖခင်ပြန်အလာကို မျှော်လင့်နေတဲ့ မာ့ဖ်ရဲ့ ဖခင်အပေါ်ရှိတဲ့ မေတ္တာတရားဟာ မာ့ဖ်ရဲ့အဖေအတွက် ကုဗဝတ္ထုထဲမှာ တိကျတဲ့ အချိန်တဒင်္ဂကို ချိတ်ဆက်ပေးနိုင်တဲ့ အဓိက အကြောင်းရင်းခံပဲ။ မာ့ဖ်ရဲ့ ဖခင်နားလည်လိုက်တာကတော့ သူ သူ့သမီးလေးနဲ့ ချိတ်ဆက်ပေါင်းကူးနိုင်ခဲ့တာဟာ သူ့သမီးအပေါ်ထားတဲ့ သူ့အချစ်ကြောင့်မဟုတ်ပဲ သမီးလေးမာ့ဖ်က သူ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဆိုတာကို မာ့ဖ်ရဲ့အဖေ နောက်ဆုံး နားလည်ခဲ့ပါတယ်။ အဲ့ဒီလို အဖေ့ကို ချစ်တဲ့ သမီးဟာ အဖေပေးထားတဲ့ နာရီလေးကို ပြန်လာယူမှာ အသေအချာပဲမို့ မာ့ဖ်အဖေဟာ သမီးအပေါ် ယုံကြည်မှုအပြည့်နဲ့ နာရီထဲမှာ သမီးလိုအပ်တဲ့ အချက်အလက်တွေကို ထည့်သွင်းပေးပို့နိုင်ခဲ့ပါတယ်။ သူယုံကြည်တဲ့အတိုင်းလည်း မာ့ဖ်ဟာ ဒီနာရီလေးကို ပြန်လာယူပြီး အဖေပေးတဲ့ အချက်အလက်တွေကို ရရှိခဲ့တာပါ။

Scene from Interstellar

လာရှတေးမှာလိုပဲ အင်တာစတယ်လာ ရုပ်ရှင်မှာလည်း အချစ်ကို အချိန်ဝင်ရိုးတလျှောက် လမ်းပြပေးနိုင်တဲ့ တိုင်းတာလို့ရတဲ့ အင်အားတစ်ခုအနေနဲ့ ဖော်ကျူးထားတာကို တွေ့ရမှာပါ။ ဒါပေမယ့် အဲ့ဒီလိုပြောလို့ အချစ်ဟာ သဘာဝလွန်ဖြစ်ရပ်လို့လဲ မဆိုလိုသလို အချိန်လို သူ့ဝင်ရိုးနဲ့သူရှိနေတယ်လို့လဲ မဆိုလိုပါဘူး။ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေအားလုံးရဲ့ အဖြေလည်း ဖြစ်ချင်မှလည်းဖြစ်မှာပါ။

ကျွန်တော်တို့တွေရဲ့ ဘဝတွေဟာ အချိန်အတိုင်း ဖြတ်သန်းသွားနေကြတဲ့ ထူးခြားဆန်းကြယ်တဲ့ ခရီးစဉ်တွေပါပဲ။ လို့ ဆိုတဲ့အတိုင်းပဲ အချိန်ဟာ ကျွန်တော်တို့ အရင်းနှီးဆုံး သဘောတရားဖြစ်သလို အစိမ်းကားဆုံးလဲ ဖြစ်တယ်။ ကျွန်တော်တို့ကို ထာဝရစည်းနှောင်ထားသည့်တိုင် အမြဲတမ်းလည်း နားလည်ရခက်နေဦးမှာပါပဲ။

ဒေါက်တာအမီလီယာဘရန်းရဲ့ ဖခင်ဖြစ်သူ ရူပဗေဒပညာရှင် ပြောတဲ့စကားလေးနဲ့ အဆုံးသတ်ပါမယ်။

Scene from Interstellar

မရဏတရားကို ငါ မကြောက်ပါဘူး။ ငါဟာ အိုမင်းနေတဲ့ ရူပဗေဒပညာရှင်တစ်ယောက်ပါ။ ငါကြောက်တာက အချိန်ပါ။


ဒီစာကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ အဖေ့အတွက် အမှတ်တရအနေနဲ့ ရေးပါတယ်။

သန့်ဇင်ဦး
၂၀၂၀ ခုနှစ် သြဂုတ် ၂၉

စကားလတ်ဂျိုဟန်ဆန်ရဲ့ ထင်ရှားတဲ့ ရုပ်ရှင်တစ်ခုဖြစ်တဲ့ LUCY ရုပ်ရှင်ကားမှာလည်း အဓိကဇာတ်ဆောင်ရှင်းပြတာက "လူတွေဟာ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လူ့ဦးနှောက်ကလက်ခံနိုင်အောင် အရာရာကို အဓိပ္ပါယ်တွေသတ်မှတ်ထားတာ... ဘယ်ဟာကမှ တကယ်မရှိဘူး" လို့ ဆိုတော့ မော်ဂန်ဖရီးမန်း ပြန်မေးတာက.. "ဒါဆို လောကကြီးကို ဘယ်လိုလည်ပတ်နေတာတုန်း" တဲ့။ မင်းသမီးပြန်ဖြေတာက

"ကားတစ်စီးဟာ လျင်မြန်လွန်းတဲ့ အရှိန်နဲ့ ဖြတ်သန်းတဲ့အခါ အဆုံးသတ်မှာ မြင်ကွင်းထဲက ပျောက်ထွက်သွားပါတယ်။ ဒါဆို ကားရှိတယ်ဆိုတဲ့ သက်သေက ဘာလဲ။ အချိန်ကပဲ သက်သေပါ။ အချိန်ကပဲ ကားရဲ့ ဖြစ်တည်မှုကို အတည်ပြုပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။ အချိန်ဟာ တခုတည်းသော အမှန်တကယ်ရှိတဲ့ အခြင်အတွယ်အတိုင်းအတာ တခုဖြစ်ပြီး ရုပ်ဝတ္ထုတွေအားလုံးရဲ့ ဖြစ်တည်မှုကို သက်သေထူပေးနိုင်တဲ့ အရာပါ။ အချိန်သာမရှိရင် ငါတို့လည်း မရှိတော့ပါဘူး။"

− စက်တင်ဘာလ ၄ ရက်နေ့တွင် ထပ်မံဖြည့်စွက်သည်။


  1. ဒီနေရာမှာ တစ်ခုလေး သတိပြုရမှာက ကျွန်တော်တို့ထက် ပိုမြင့်တယ်လို့ ဆိုရာမှာ လေးဖက်မြင်လောကလည်း ဖြစ်နိုင်သလို၊ ငါးဖက်မြင်၊ ခြောက်ဖက်မြင်လောကတွေလည်း ဖြစ်နိုင်ပါတယ်။

  2. အချိန်ခရီးသွားဝါဒီတွေကတော့ ငြင်းကောင်းငြင်းမှာပါ။ အောက်ရောက်ရင် အဲ့ကိစ္စဆက်ရှင်းပါမယ်။

← Back