အဲ့လိုပြောလာတဲ့ “စားခြင်း” အမှုတစ်ခုကိုပဲ ဘဝလို့ ထင်တဲ့လူတွေကို ဒါလေးတွေမေးပေးပါ။
၁။ ကိုယ်ရတဲ့ လျှပ်စစ်ဓာတ်အား ၂၂၀ ဗို့ မပြည့်လို့ အိမ်က လျှပ်စစ်ပစ္စည်းတွေ ပျက်စီးတဲ့အခါ “ကိုယ်လုပ်မှ ကိုယ်စားရ" ရုံနဲ့ ပြီးသလား။
၂။ ကိုယ်ရတဲ့ သောက်ရေ၊ သုံးရေဟာ သောက်ဖို့၊ သုံးဖို့ အဆင်မပြေတဲ့အခါ “ကိုယ်လုပ်မှ ကိုယ်စားရ” ရုံနဲ့ ပြီးသလား။
၃။ ဆေးရုံဆေးခန်းသွားတဲ့အချိန် ထိုက်သင့်တဲ့ ဝန်ဆောင်မှုမရတဲ့အခါ “ကိုယ်လုပ်မှ ကိုယ်စားရ” ရုံနဲ့ ပြီးသလား။
၄။ မိုးရာသီမှာ မြောင်းရေလျှံပြီး ကိုယ့်အိမ်ထဲ မြောင်းရေတွေဝင်တဲ့အခါ “ကိုယ်လုပ်မှ ကိုယ်စားရ” ရုံနဲ့ ပြီးသလား။
၅။ ကိုယ့်အိမ်ရှေ့ ဓာတ်မီးတိုင်ကမီး မလာတာ လနဲ့ချီကြာတဲ့အခါ “ကိုယ်လုပ်မှ ကိုယ်စားရ” ရုံနဲ့ ပြီးသလား။
၆။ သဘာဝဘေးအန္တရာယ်ဆိုးတွေနဲ့ ကြုံကြိုက်လို့ တောင်မင်းကို မြောက်မင်းမကယ်နိုင်တဲ့အချိန်ကျရင် “ကိုယ်လုပ်မှ ကိုယ်စားရ” ရုံနဲ့ ပြီးသလား။
နောက်ဆုံးတစ်ချက်...
၇။ သင်ရိုးညွှန်းတမ်းတွေ၊ စာသင်ကျောင်းတွေ၊ ဆရာဆရာမတွေ ဖြစ်တည်ဖို့ “ကိုယ်လုပ်မှ ကိုယ်စားရ” ရုံနဲ့ ပြီးသလား။
အဲ့တာတွေဟာ.. ကိုယ်စိတ်ကြိုက်ရွေးပြီး တာဝန်ပေးထားတဲ့ သူတွေ စီမံခန့်ခွဲ အကောင်အထည်ဖော်ရတဲ့…
လျှပ်စစ်ဓာတ်အား၊ ရေပေးဝေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စည်ပင်သာယာရေး၊ လူကယ်ပြန် နဲ့ ပညာရေးကဏ္ဍ တွေပဲ။ “ကိုယ်လုပ်ကိုယ်စား” အတွေးသက်သက်နဲ့တော့ ဒါတွေဖြစ်မလာဘူး။
ဒါတွေအားလုံးနဲ့ တစ်သက်လုံး ကင်းအောင် နေမယ်လို့ ဆုံးဖြတ်ထားတယ် ဆိုရင်တောင် နောက်ဆုံးတစ်နေ့ သေစာရင်း ထုတ်တဲ့အခါ ပတ်သက်ရမှာပဲ ဆိုတာ မေ့လို့မဖြစ်...။
မဲမပေးဖို့အတွက် တခြားခိုင်လုံတဲ့ ဆင်ခြေကောင်းတွေရှိနိုင်ပါတယ်။ ဒီ “ကိုယ်လုပ်၊ကိုယ်စား” ဆင်ခြေတော့ ထုတ်မသုံးစမ်းပါနဲ့။ အဲ့ဒီ ယုတ္တိ ရဲ့ ဟာကွက် (logic ရဲ့ fallacy) က ရုပ်ပေါက်လွန်းလို့ပါ။