mastodon

ရီလေတီဗီတီ သီအိုရီ

July 13, 2013

ယောကျာ်းကလေးများအဖို့

တစ်ထွာသောဆံပင်သည်

အရှည်ကြီး ဖြစ်၏ ။

မိန်းကလေးများအဖို့

တစ်ထွာသောဆံပင်သည်

တိုတိုကလေးဖြစ်၏ ။

ဘတ်စ်ကားပေါ်မှ လူအဖို့

အင်းစိန်နှင့်ရန်ကုန်ခရီးသည်

အဝေးကြီးဖြစ်၏ ။

ကိုယ်ပိုင်ကားပေါ်မှ လူအဖို့

အင်းစိန်နှင့်ရန်ကုန်ခရီးသည်

နီးနီးလေးဖြစ်၏ ။

တောင်အောက်မှ လူအဖို့

ထိုလမ်းသည်

အတက်ဖြစ်၏ ။

တောင်ပေါ်မှ လူအဖို့

ထိုလမ်းသည်

အဆင်းဖြစ်၏ ။

ညအဖို့

၁၂ နာရီသည် သန်းခေါင်ယံဖြစ်၏ ။

နေ့အဖို့

၁၂ နာရီသည် မွန်းတည့်ဖြစ်၏ ။

လူကြီးများအဖို့

အချစ်သည် အတိတ်ဖြစ်၏ ။

လူငယ်များအဖို့

အချစ်သည် အနာဂတ်ဖြစ်၏ ။ ။

ရီလေတီဗီတီ သီအိုရီ – မင်းလူ (“ဦးမင်းလူကောင်းမှု” ကဗျာစာအုပ်မှ)

Profile picture
Written/Curated by Thant Zin Oo
← Back to Blog